
တရုတ်နိုင်ငံ ရွှေလီမြို့မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာအလုပ်သမား ၅၀ ကျော်ကို ပြန်လွှတ်ပေးလိုက်တယ်လို့ လွတ်မြောက်လာသူတွေက ပြောပါတယ်။
ရွှေလီမြို့က Ruining Xinjiang အထည်ချုပ်စက်ရုံမှာ အလုပ်ရှင်နဲ့ တရုတ်ရဲပေါင်းပြီး အလုပ်ကထွက်ပြေးသူနဲ့ အလိုမကျတဲ့ မြန်မာလုပ်သားတွေကိုဖမ်းပြီး ရဲစခန်းအချုပ်ထဲမှာ ချုပ်နှောင်ထားတာလို့ ဆိုပါတယ်။
အဲဒီလို ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၅၀ ကျော်ကို နှစ်နိုင်ငံ ချစ်ကြည်ရေးအရ ပြန်လွှတ်ပေးလိုက်ပြီး ဇူလိုင် ၈ ရက်မှာ မူဆယ်ဘက်ပြန်လည်ရောက်ရှိလာပြီလို့ အခြေအနေကို စောင့်ကြည့်နေတဲ့ သွေးစည်းညီညွတ်သောသမဂ္ဂများအဖွဲ့ချုပ် (STUM)က ဒီနေ့ညနေမှာ အသိပေးထားပါတယ်။
STUM တာဝန်ရှိသူတယောက်က “အဖမ်းခံထားရတဲ့ကောင်လေးက သူ့အမျိုးသမီးကို ဒီနေ့ဖုန်းလှမ်းဆက်တာ၊ သူတို့အချုပ်ထဲကသူတွေ အကုန်မူဆယ်ရောက်ပြီ။ နောက်နေ့ ရန်ကုန်ကို ပြန်ပို့ပေးမယ်ပြောတယ်” လို့ ပြောပါတယ်။
Ruining Xinjiang အထည်ချုပ်စက်ရုံမှာ မြန်မာအလုပ်သမား အများအပြား ဝင်ရောက်လုပ်ကိုင်နေပြီး လုပ်ငန်းခွင်အတွင်း ဖိနှိပ်မှုတွေ ဆိုးရွားစွာလုပ်နေသလို ကိုယ်ထိလက်ရောက်ရိုက်နှက်တာတွေ ရှိနေတာလို့ ထွက်ပြေးလွတ်မြောက်ခဲ့သူတွေက ပြောပါတယ်။










