ယီမင်နိုင်ငံ အနောက်တောင်ပိုင်း၊ တိုင်ဇ်ပြည်နယ်က ပင်လယ်နီဆိပ်ကမ်းမြို့ မိုချာနဲ့ ဟူသီတွေ ထိန်းချုပ်ထားတဲ့ မြို့တော်ဆာနာတို့ကို စနေနေ့က လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခံခဲ့ရအပြီး လူအများအပြား သေဆုံး ဒဏ်ရာရခဲ့တယ်လို့ ဟူသီတွေရဲ့ အယ်လ်မာစီရာ TV က ကြေညာခဲ့ပါတယ်။
ဆော်ဒီ ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်ခဲ့လို့ မြို့တော်ဆာနာမှာ ပြင်းထန်တဲ့ပေါက်ကွဲသံတွေနဲ့အတူ တုန်လှုပ်နေပါတယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲမှုတွေကြားမှာ စစ်လေယာဉ်တွေက မြို့တော်ဆီ ဆက်ပျံသန်း နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
ဆာနာမြို့တော် အနောက်ပိုင်း အိုဆာမြို့မှာရှိတဲ့ အိမ်တလုံးကို တိုက်ခိုက်ခံရလို့ လူ ၃ ယောက် သေဆုံးပြီး တခြားလူ အများအပြား ဒဏ်ရာရခဲ့တယ်လို့ အယ်လ်မာစီရာ ရုပ်သံက ပြောပါတယ်။
မြို့တော်အနောက်မြောက်ပိုင်း ဟမ်ဒန်ခရိုင်မှာလည်း ဘိလပ်မြေစက်ရုံတခု တိုက်ခိုက်ခံရပြီးတဲ့နောက် အသေအပျောက်များတယ်လို့ သတင်းပေးပို့ခဲ့ပါတယ်။
ကမ္ဘာ့အဓိက ပင်လယ်ရေကြောင်းသွားလာရေး လမ်းကြောင်းဖြစ်ပြီး မဟာဗျူဟာကျတဲ့ ဘာ့ဘ်အယ်လ် မန်းဒက်ဘ် ရေလက်ကြားအနား အနောက်တောင်ပိုင်းက မိုချာမြို့ကို လေကြောင်းကနေ အကြိမ် ၂၀ နီးပါး တိုက်ခိုက်ခဲ့တယ်လို့လည်း ရုပ်သံဌာနက ပြောပါတယ်။
ဆော်ဒီအာရေဗျဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က ချက်ချင်း မှတ်ချက်မပေးခဲ့ပါဘူး။ ဆော်ဒီအာရေဗျနိုင်ငံ ယန်ဘူမြို့က ဆော်ဒီအာရမ်ကို ရေနံချက်စက်ရုံ၊ ရာဘယ်လ် ရေနံချက်စက်ရုံနဲ့ ရိယာ့ဒ်မြို့တော်က ဘုရင်ခါလစ် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့ အပါအဝင်၊ ဆော်ဒီရေနံချက်စက်ရုံတွေနဲ့ လေဆိပ်တွေကို အောက်တိုဘာ ၂၄ ရက်က တိုက်ခိုက်ခဲ့တယ်လို့ ယီမင်နိုင်ငံက ဟူသီအဖွဲ့က ပြောပါတယ်။
ဆော်ဒီအာရေဗျရဲ့ အရှေ့အနောက် ပိုက်လိုင်းနဲ့ ရေနံစိမ်းတင်ရေးစခန်းတွေ၊ ဒမ်မမ်မြို့က ဖာ့ဒ်ဘုရင် အပြည်ပြည်ဆိုင်ရာလေဆိပ်အပြင် နာဂျရန်လေဆိပ်နဲ့ ခါမစ်စ်မူရှိုက် ဒေသမှာရှိတဲ့ လေတပ်စခန်းတို့ကိုလည်း ပစ်မှတ်ထားခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ ယာယာဆာရီယာက ပြောပါတယ်။
အစီရင်ခံတင်ပြထားတဲ့ တိုက်ခိုက်မှုတွေထဲက ပစ်မှတ်တွေကို ထိမှန်သလား ဒါမှမဟုတ် ကြားဖြတ်ဟန့်တားတာ ရှိ၊ မရှိဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
Source: Reuters











