
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ အမတ ၃၄၄ အမြောက်တပ်အနီးမှာ တာဝန်ကျတဲ့ စစ်အာဏာရှင်တပ်သား ၆ ယောက် ထွက်ပြေးပြီး ၂ ယောက် ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ အမြောက်တပ်ရင်းနဲ့ နီးစပ်သူဆီက သိရပါတယ်။
မေ ၂၅ ရက် ညပိုင်း ၉ နာရီလောက်က ရခိုင်ပြည်နယ်နဲ့ ထိစပ်နေပြီး တိုက်ပွဲဖြစ်နေတဲ့ ရေကြည်မြို့နယ် အမတ ၃၄၄ အမြောက်တပ်အနီးကနေ တပ်ကြပ်ကြီးအဆင့်ရှိသူ အပါအဝင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၆ ယောက် ထွက်ပြေးသွားခဲ့ပြီး ၂ ယောက်ဟာ မေ ၂၅ ရက် ည ၁၁ နာရီလောက်က ပြန်လည်ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ရေကြည်မြို့နယ် အမြောက်တပ်နဲ့ နီးစပ်သူက “ထွက်ပြေးတာ ၆ ယောက်လို့ သိရပါတယ်။ ညတွင်းချင်း ၂ ယောက် ပြန်အဖမ်းခံရပါတယ်။ ပြေးတဲ့အထဲမှာ တပ်ကြပ်တယောက်ပါတယ်” လို့ ပြောပါတယ်။
ထွက်ပြေးသွားတဲ့ စစ်အာဏာရှင်တပ်သား ၆ ယောက်ဟာ ရေကြည်မြို့နယ်၊ အမတ ၃၄၄ အမြောက်တပ်အနီး မြောက်စမ်းကျေးရွာဘက်မှာ စစ်ကြောင်းထိုးနေရင်း ထွက်ဖြစ်သွားတာဖြစ်ပြီး စစ်မှုထမ်း တပ်သားတွေလည်း ပါတယ်လို့ ဆိုပါတယ်။
ပြန်လည်ဖမ်းမိတဲ့ စစ်အာဏာရှင်တပ်သား ၂ ယောက်ကို ပြည်သူ့စစ်တွေ၊ အုပ်ချုပ်ရေးမှူးတွေ၊ စစ်အာဏာရှင်တပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။
ဒါ့အပြင် ပြန်လည်ဖမ်းဆီးခံရတဲ့ တပ်သား ၂ ယောက်ကို စစ်အာဏာရှင်တပ်က ရိုက်နှက်၊ ကြိုးနဲ့ ချုပ်နှောင်ကာ နေပူလှန်းတာတွေ လုပ်နေပြီး ထွက်ပြေးစစ်သားတွေကိုလည်း ချိတ်ဆက်စုံစမ်း ရှာဖွေနေတယ်လို့ သိရပါတယ်။










