
ပါကစ္စတန်နိုင်ငံ ခိုင်ဘာပက်တွန်ခွာပြည်နယ်မှာ မိုးသည်းလို့ အိမ်ခေါင်မိုးနဲ့ နံရံတွေ ပြိုကျပြီး ကလေး ၁၄ ယောက်အပါအဝင် လူ ၁၇ ယောက်ထက်မနည်း သေဆုံးကာ ၂၅ ယောက် ဒဏ်ရာ ရခဲ့ တယ်လို့ ပြည်နယ်ရဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအာဏာပိုင်တွေက မတ် ၃၀ ရက်မှာ ပြောပါတယ်။
ပါကစ္စတန်နဲ့ အိမ်နီးချင်း အာဖဂန်နစ္စတန်တို့မှာ ပြီးခဲ့တဲ့ ၅ ရက်အတွင်း မိုးသည်းလို့ အပြင်းအထန် ရေကြီးရေလျှံခဲ့ပြီး အဆောက်အအုံတွေ ပြိုကျခဲ့လို့ ၂ နိုင်ငံစလုံးမှာ စုစုပေါင်း လူ ၄၅ ယောက် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောခဲ့ပါတယ်။
စစ်ဘေးသင့် အာဖဂန်နစ္စတန်မှာ သေဆုံးမှုအများစုဟာ ပါဝမ်၊ မိုင်ဒန်ဝါဒက်၊ ဒေးကွန်ဒီနဲ့ လိုဂါ အပါအဝင် နိုင်ငံအလယ်ပိုင်းနဲ့ အရှေ့ပိုင်းပြည်နယ်တွေက ဖြစ်တယ်လို့ သတင်းပို့ထားပါတယ်။
မိုးသည်းလို့ ရုတ်တရက် ရေကြီးရေလျှံပြီး မြေပြိုခဲ့တယ်လို့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့ (NDMA) က ပြောပါတယ်။
ကုလသမဂ္ဂက ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံလုံးကို ပြင်းထန်တဲ့ရာသီဥတုဒဏ်နဲ့ ရာသီဥတု ပြောင်းလဲမှုဒဏ်ကို အထိခိုက်လွယ်ဆုံး နိုင်ငံတွေ စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
Source: Reuters











