ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းက ပက်ရှ်ဝါမြို့မှာ အောက်တိုဘာ ၁၅ ရက် မနက်ပိုင်းက စာသင်နေချိန်အတွင်း ကျောင်းအမိုး ပြိုကျခဲ့တာကြောင့် သေဆုံးသူ ၃၃ ယောက်အထိ မြင့်တက်လာခဲ့ပြီး ကျောင်းသား ၃၂ ယောက်နဲ့ ဆရာမတယောက် သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးတာဝန်ရှိသူတွေက ပြောပါတယ်။
စာသင်ခန်း ၃ ခန်းထဲမှာ ကျောင်းသား စုစုပေါင်း ၁၁၀ စာသင်နေကြချိန် ဒေသစံတော်ချိန် မနက် ၈ နာရီ ၄၈ မိနစ်မှာ အမိုးပြိုကျခဲ့တာဖြစ်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ၄ နာရီကနေ ၅ နာရီအထိ ကြာအောင် လုပ်ဆောင်ခဲ့ရတယ်လို့ ကယ်ဆယ်ရေးဌာနရဲ့ ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး အာရိဖ်ှ ခတ်တက်ခ်က ပြောပါတယ်။
အမိုးပြိုကျမှုဟာ ဒုတိယတန်း စာသင်ခန်းထဲမှာ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး အပေါ်ထပ်မှာ မူကြိုတန်း ရှိနေခဲ့တယ်လို့ ၇ တန်းကျောင်းသား အိုမာခန်က ပြောပြပါတယ်။
စာသင်ခန်း အမိုးပြိုကျလာချိန်မှာ ကလေးတွေ အထဲမှာ အော်ဟစ်အကူအညီတောင်းနေကြပြီး သူနဲ့ တခြားကျောင်းသားတွေကတော့ အပြင်ကို အမြန်ပြေးထွက်ခဲ့ကြရတယ်လို့ ဆိုပါတယ်။
ထိတ်လန့်တကြားနဲ့ ရောက်လာကြတဲ့ မိဘတွေနဲ့ ဆွေမျိုးတွေက မိသားစုဝင်တွေကို လိုက်ရှာနေခဲ့ကြပြီး ကယ်ဆယ်ရေးသမားတွေဟာ ပုဂ္ဂလိကကျောင်း Al-Khair ပညာရေးစင်တာရဲ့ အပျက်အစီးတွေကြားထဲကနေ ကလေးတွေကို နာရီပေါင်းများစွာ ကြိုးစားထုတ်ယူခဲ့ကြရပါတယ်။
ထိခိုက်ဒဏ်ရာရရှိမှုဟာ အပေါ့စားဒဏ်ရာတွေကနေ ဒဏ်ရာပြင်းထန်သူတွေအထိ ကလေး ၄၅ ယောက်ထက်မနည်း ရှိတယ်လို့ ကယ်ဆယ်ရေးဌာနရဲ့ ဒေသဆိုင်ရာညွှန်ကြားရေးမှူး အာရိဖ်ှ ခတ်တက်ခ်က ပြောပါတယ်။
ကလေး ၃ ယောက်ကတော့ ဦးခေါင်းဒဏ်ရာနဲ့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပြီး ဆေးရုံတင်လိုက်ရတဲ့ ကျောင်းသားအများစုကတော့ ကုသမှုခံယူပြီးနောက် ဆေးရုံက ဆင်းသွားကြပြီလို့လည်း ဆိုပါတယ်။
သေဆုံးသွားသူ အများစုဟာ အသက် ၁၃ နှစ်အောက် ကလေးတွေဖြစ်ကြပြီး ဝင်ငွေနည်းပါးတဲ့ မိသားစုတွေက ဖြစ်ကြပါတယ်။
အဲဒီကျောင်းဟာ ရန်ပုံငွေတွေ၊ ထောက်ပံ့ကြေးတွေ ရနေပေမဲ့ ကျောင်းရဲ့ အတွင်းပိုင်း အခြေအနေကတော့ ပျက်စီးယိုယွင်းနေတယ်လို့ အိမ်နီးချင်းတယောက်ဖြစ်သူ ဂျာဗက်ခန်က ပြောဆိုခဲ့ပြီး ကျောင်းဖွင့်ခွင့်ပြုပြီးနောက်ပိုင်း ဘာလို့ စစ်ဆေးမှုတွေ မလုပ်ခဲ့တာလဲ ဆိုတာကို မေးခွန်းထုတ်ကာ တာဝန်ရှိသူတွေကို အရေးယူပေးဖို့ တောင်းဆိုခဲ့ပါတယ်။
ပက်ရှ်ဝါ ရဲတပ်ဖွဲ့မှူး မီယန်ဆာအိဒ်က “အလွန်ကျဉ်းမြောင်းတဲ့ လမ်းကြားထဲမှာ တည်ရှိပြီး ယိုင်နဲ့ မခိုင်ခန့်တဲ့ အဆောက်အအုံထဲ ကလေးတွေကို စာသင်ပေးတာဟာ ထင်ရှားတဲ့ ပေါ့ဆမှုဖြစ်တယ်” လို့ ထောက်ပြခဲ့ပြီး ကျောင်းပိုင်ရှင်တွေကို အမှုဖွင့်လှစ်ကာ ဖမ်းဆီး စုံစမ်းစစ်ဆေးမှုတွေ စတင်နေပြီလို့ ပြောပါတယ်။
Source: Reuters











