ပါကစ္စတန်နိုင်ငံ၊ ပက်ရှ်ဝ်မြို့ရှိ ပုဂ္ဂလိက စာသင်ကျောင်းတကျောင်းမှာ အောက်တိုဘာ ၁၅ ရက်က စာသင်ကြားနေချိန်အတွင်း အဆောက်အအုံအမိုး ပြိုကျခဲ့တာကြောင့် အသက် ၁၃ နှစ်အောက် အများစုပါဝင်တဲ့ ကျောင်းသား အနည်းဆုံး ၂၇ ယောက်နဲ့ ဆရာမတယောက် သေဆုံးသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူအရေအတွက် ဒီထက်မက ပိုတိုးလာနိုင်တယ်လို့လည်း စိုးရိမ်နေကြပါတယ်။ ထိခိုက်ဒဏ်ရာရရှိခဲ့သူ အယောက် ၂၀ နဲ့အတူ သေဆုံးသူအများစုကို လေဒီရီးဒင်း ဆေးရုံကို သယ်ဆောင်လာခဲ့တယ်လို့ ဆေးရုံပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အာစင်မ်က ပြောပါတယ်။
ဒီဖြစ်စဉ်ဟာ မြို့မြောက်ပိုင်း ဒီရ် ကိုလိုနီ နယ်မြေမှာရှိတဲ့ Al-Khair ပညာရေးစင်တာ အမည်ရှိ ကိုယ်ပိုင်ကျောင်းမှာ ဖြစ်ပွားခဲ့တာပါ။
ကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ သေဆုံးသူတွေနဲ့ ဒဏ်ရာရရှိသူတွေကို ဆေးရုံတွေဆီ ပို့ဆောင်နိုင်ဖို့ ဆောင်ရွက်နေကြတယ်လို့ အစိုးရအရာရှိ ဘီလာ ဖိုင်ဇီက ပြောပါတယ်။
အဆောက်အအုံရဲ့ အထပ်မြင့်က ခေါင်မိုးဟာ ပထမထပ်ရဲ့ ခေါင်မိုးပေါ်ကို ပြုတ်ကျခဲ့တာကြောင့် စာသင်ခန်းအတွင်း စာသင်နေကြတဲ့ ကျောင်းသားတွေပေါ် ပြိုကျခဲ့ရတာဖြစ်တယ်လို့ ကယ်ဆယ်ရေးအရာရှိက ပြောပါတယ်။
Source: Reuters











