ယီမင်နိုင်ငံမြို့တော်၊ ဆာနားမှာ ဇူလိုင် ၃ ရက် မနက်အစောပိုင်းက ဆာနား အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆင်းဖို့ပြင်နေတဲ့ အီရန်အရပ်ဘက်လေယာဉ်တစင်းကို ဆော်ဒီတိုက်လေယာဉ်တွေက လာရောက်တားဆီးဖို့ ကြိုးစားခဲ့တာကြောင့် ဟူသီတပ်ဖွဲ့တွေက လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်တွေနဲ့ ပြန်ပစ်ခတ်ခဲ့တယ်လို့ ဟူသီစစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယျာရ်ယာဆာရီးက ပြောပါတယ်။
အဲဒီအီရန်လေယာဉ်ပေါ်မှာတော့ ၁၁ နှစ်နီးပါးကြာ မတရားပိတ်ဆို့ပိတ်ဆို့ခံထားရတဲ့ ယီမင်နိုင်ငံသား ဒဏ်ရာရ လူနာတွေနဲ့ သောင်တင်နေသူ ၂၀၀ ကျော် လိုက်ပါလာတာ ဖြစ်ပါတယ်။
ကြားဖြတ်တားဆီးဖို့ ကြိုးစားမှုဟာ ဟူသီတပ်ဖွဲ့တွေရဲ့ တုံ့ပြန်မှုကြောင့် ပျက်ပြယ်သွားခဲ့ပြီး ဆော်ဒီ တိုက်လေယာဉ်တွေလည်း ယီမင်လေပိုင်နက်ထဲကနေ ပြန်လည်ထွက်ခွာသွားခဲ့ရပါတယ်။
ဆော်ဒီအစိုးရအနေနဲ့ ယီမင်လေပိုင်နက်ကို ချိုးဖောက်ဖို့ ဒါမှမဟုတ် ကျူးကျော်တိုက်ခိုက်ဖို့ နောက်ထပ် ကြိုးစားလာဦးမယ်ဆိုရင် ဆော်ဒီရဲ့ လေဆိပ်တွေအပြင် ကုန်းကြောင်းနဲ့ ရေကြောင်းမှာရှိတဲ့ အရေးပါတဲ့ အကျိုးစီးပွားနယ်ပယ်တွေကို ပစ်မှတ်ထားပြီး ဘက်စုံတုံ့ပြန် တိုက်ခိုက်သွားမယ်လို့ အီရန်နဲ့ နီးစပ်မှုရှိတဲ့ ဟူသီအဖွဲ့က ပြောလိုက်ပါတယ်။
ဒါ့အပြင် ဟူသီတပ်ဖွဲ့တွေအနေနဲ့ ဆော်ဒီ-အမေရိကန် ညွန့်ပေါင်းအဖွဲ့ရဲ့ မတရားပိတ်ဆို့မှုကို အကန့်အသတ်မရှိ ဆက်ပြီးသည်းခံနေမှာမဟုတ်ကြောင်းနဲ့ ဒီပိတ်ဆို့မှုကို အဆုံးသတ်ဖို့အတွက် တရားဝင်နည်းလမ်းမှန်သမျှကို အသုံးပြုပြီး လုပ်ဆောင်သွားမယ်လို့လည်း ပြောပါတယ်။
Source: Reuters










