
ဘောလုံးစူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ မော်ဒယ် ဂျော်ဂျီနာ ရိုဒရီဂက်ဇ်တို့ဟာ ဩဂုတ် ၁၁ ရက်က ပေါ်တူဂီနိုင်ငံ ကက်စ်ကိုင်စ်မြို့မှာ တရားဝင် လက်ထပ်လိုက်ကြပါတယ်။
သူတို့ ၂ ယောက်ဟာ လက်ထပ်လက်စွပ်ဝတ်ထားတဲ့ လက်နှစ်ဖက်ယှက်ထားတဲ့ပုံကို အင်စတာဂရမ်မှာ အတူတင်ပြီး ပရိသတ်တွေကို အသိပေးခဲ့တာပါ။
ဒီမင်္ဂလာပွဲကို သူတို့ရဲ့ သားသမီး ၅ ယောက်စလုံး တက်ရောက်ခဲ့ကြတယ်လို့ ပေါ်တူဂီမီဒီယာတွေက ဖော်ပြပါတယ်။ အဲဒီထဲက ၂ ယောက်ဟာ ဂျော်ဂျီနာနဲ့ရတာ ဖြစ်ပါတယ်။
ရော်နယ်ဒိုနဲ့ ရိုဒရီဂက်ဇ်တို့ဟာ မက်ဒရစ်မြို့က Gucci ဆိုင်မှာ စတင်တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီအချိန်က ရော်နယ်ဒိုဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အတွက် ကစားနေခဲ့တာဖြစ်ပြီး အခုဆိုရင် သူတို့ ၂ ယောက် လက်တွဲလာခဲ့တာ ဆယ်နှစ်ရှိပြီ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ် ၁၁ ရက်ကမှ သူတို့ ၂ ယောက်ဟာ တရားဝင် စေ့စပ်ခဲ့ကြတာပါ။ အဲဒီတုန်းက ရိုဒရီဂက်ဇ်က “ဒီဘဝမှာရော၊ ဘဝတိုင်းမှာပါ လက်ခံပါတယ်” လို့ ရေးသားခဲ့ပါတယ်။
အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လက်ရှိ ဆော်ဒီကလပ် အယ်လ်နာဆာအသင်းနဲ့အတူ ပဉ္စမမြောက်ရာသီကို စတင်ဖို့ ပြင်ဆင်နေပါတယ်။
စပို့တင်းလစ္စဘွန်း၊ မန်ချက်စတာယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်တပ်စ် စတဲ့အသင်းတွေမှာ ကစားခဲ့တဲ့ သူ့အနေနဲ့ မကြာသေးခင်ကမှ ဆဋ္ဌမမြောက် ကမ္ဘာ့ဖလားကို ဝင်ရောက် ယှဉ်ပြိုင်ထားပါတယ်။
ရော်နယ်ဒိုဟာ ကစားသမားဘဝတလျှောက် သွင်းဂိုး ၉၇၆ ဂိုး ရရှိထားပြီး သမိုင်းဝင် ဂိုး ၁,၀၀၀ ပြည့်ဖို့ ၂၄ ဂိုးသာ လိုအပ်ပါတော့တယ်။
Source: Reuters











