
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်လို့ ညီနောင် မဟာမိတ်တွေဖြစ်ကြတဲ့ တအာင်းအမျိုသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကိုးကန့်တပ် (MNDAA)တို့ အကြား ဆွေးနွေးမှုတွေစတင်တဲ့နောက် မတ် ၁၇ ရက် ဒီနေ့ မနက်ပိုင်းမှာ တိုက်ပွဲတွေရပ်တန့်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေကပြောပါတယ်။
TNLA နဲ့ MNDAA တို့အကြား မတ်လ ၁၆ ရက်ညပိုင်းမှာ အပစ်ရပ်ခဲ့ကာ မတ် ၁၇ ရက်မှာတော့ လောက်ကိုင်မြို့မှာ ဆွေးနွေးမှုတွေစတင်နေပြီလို့ TNLA ဘက်ကမီဒီယာတွေကို ဖြေဆိုထား ပါတယ်။
ဒါပေမဲ့ ဆွေးနွေးပွဲမှာ ဘယ်သူတွေ ပါဝင်ပြီး အချိန်ဘယ်လောက်ကြာမယ် ဆိုတဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ DVB အနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
တဖက်မှာလည်း နမ့်ဖက်ကာနဲ့ နမ့်ခမ်းအကြားမှာ နှစ်ဖက်တပ်တွေ ဆိုင်ထားပြီး တိုက်ခိုက်မှုတွေ ဆက်ဖြစ်မယ်၊ မဖြစ်ဘူး အဲဒီဆွေးနွေးမှုအပေါ် မူတည်နေကြောင်း ရှမ်းမြောက်က နိုင်ငံရေးလေ့လာသူ တယောက်က DVB ကို ပြောပါတယ်။
“ဒီမနက်တော့ တိုက်ပွဲငြိမ်နေတယ်၊ ပြီးတော့ ဒီမှာ မိုးတွေရွာနေတယ်။ အပစ်ရပ်တာတော့ ဆွေးနွေးပွဲကြောင့် ဖြစ်မယ်။ နမ့်ဖက်ကာမှာက ဒီဟာတွေမဖြစ်ခင်က KIA က တခြမ်း၊ TNLA ကတခြမ်း အဲလိုပူးတွဲထိုင်ထားတာပေါ့။ အခုတော့ ကိုးကန့်ဝင်ပြီးနောက်မှာ TNLA တွေ ထွက်သွားတယ်။ သို့ပေမဲ့ KIA ကျတော့ အရင်လိုပဲ။ ကိုးကန့်တွေ နမ့်ခမ်းကိုလာဖို့ ဆိုတာက နမ့်ဖက်ကာ-နမ့်ခမ်းလမ်းက ၂၇ မိုင် ရှိတယ်။ အဲဒီလမ်းအလယ်မှာ ၁၂ မိုင်၊ ၁၃ မိုင်ဆိုတာ ရှိတယ်။ အဲဒီအထိကို ကိုးကန့်က သိမ်းပြီးသွားပြီ။”
ဒါကြောင့် နမ့်ခမ်းကို MNDAA တပ်တွေ လာမယ်ဆိုရင် ၁၀ မိုင်ကျော်သာ ကျန်တော့ပေမဲ့ ရှေ့ဆက်တက်မလာသလို တိုက်ပွဲတွေလည်း ငြိမ်သက်နေတယ်လို့ ဒေသခံက ပြောပါတယ်။
တဖက်မှာလည်း MNDAA တပ်တွေ မူဆယ်နဲ့ နမ့်ခမ်းကြားက စယ်လန့်ရွာကို ရောက်နေတယ်လို့ သတင်းထွက်နေတာနဲ့ပတ်သက်လို့ကတော့ ဒေသခံကရော၊ TNLA နဲ့နီးစပ်တဲ့ စစ်ရေးရင်းမြစ်ကပါ မသိရကြောင်း ပြောပါတယ်။
မတ် ၁၄ ရက်က စတင်ခဲ့တဲ့ ပဋိပက္ခတွေထဲ MNDAA က ကွတ်ခိုင်မြို့ကို ထိန်းချုပ်လိုက်ပြီး သိန္နီတိုးဂိတ်နဲ့ ပြည်ထောင်စုလမ်းကိုပြန်ဖွင့်ခဲ့တဲ့နောက် အခုလိုဆွေးနွေးမှုတွေ ပေါ်ထွက်လာတာပါ။
နှစ်ဖက်တပ်တွေ အပစ်ရပ်လိုက်ပြီး မနေ့ညနေပိုင်းမှာ TNLA ဘက်က တာဝန်ရှိသူတွေ MNDAA နဲ့ ဆွေးနွေးဖို့ လောက်ကိုင်မြို့ကို ရောက်ရှိခဲ့ကြတာဖြစ်ပြီး ဒီနေ့မှာတော့ တွေ့ဆုံဆွေးနွေးနေပြီ ဖြစ်တယ်လို့ ဆိုပါတယ်။
TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက “နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးနေတာ ဟုတ်ပါတယ်။ အခြေအနေအသေးစိတ်ကို ပြောလို့မရသေးပါ။ ဆွေးနွေးပွဲပြီးမှ သိရပါမယ်”လို့ DVB ကို ပြောပါတယ်။
စိုးသူအောင်










