DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတ၀န်း အနိမ့်ဆုံးလုပ်အားခများ စတင်တိုးမြှင့်
DVB
·
April 2, 2018
ထိုင်းနိုင်ငံတ၀န်း အနိမ့်ဆုံးလုပ်အားခများ စတင်တိုးမြှင့်
Donate to DVB

 

ထိုင်းနိုင်ငံရှိ အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်အားခတွေကို ခရိုင်အလိုက် တိုးမြှင့်ပေးဖို့ ထိုင်းအစိုးရ ၀န်ကြီးများအဖွဲ့က ဒီနှစ်ဆန်းပိုင်းက အတည်ပြုပေးခဲ့ပြီး ဒီ ဧပြီလ ၁ ရက်နေ့မှာ စတင်သက်ဝင်ကျင့်သုံးရမှာ ဖြစ်ပါတယ်။

အဆိုပါအတည်ပြုချက်အရ တိုးမြှင့်ပေးလိုက်တဲ့ လုပ်အားခတွေမှာ  ဖူးကက်၊ ချွန်းပူးရီး၊ လယောင်း စတဲ့ ခရိုင် ၃ ခုမှာ တနေ့ကို ဘတ် ၃၃၀၊ ဘန်ကောက်၊ နွန်ထဘူရီ၊ နခွန်းပထုန်၊ ပထုန်ဌာနီ၊ စမွတ်ပရကန်၊ ဆမွတ်ဆာခွန်း၊ ချာချိန်းဆောဝ်းစတဲ့ ခရိုင် ၇ ခုမှာ တနေ့ကို ၃၂၅ ဘတ်၊ ဥဘွန်းရာ့ခ်ျဌာနီ၊ ဆုဖန်းဘူရီ၊ နောင်ခိုင်၊ အယုဒ္ဓယ၊ စလဘူရီ၊ လုတ်ဘူရီ၊ တရတ်၊ ခွန်ကဲင်၊ ဆုန်ခလာ ၊ စူရတ်ဌာနီ၊ ကရဘိ၊ ချင်းမိုင်၊ နခွန်းရတ်ခ်ျဆီမား၊ ဖန်င စတဲ့ခရိုင် ၁၄ ခုမှာ တနေ့ကို ၃၂၀ ဘတ်၊ ကျန်ထဘူရီ၊ ဆမွတ်ဆုန်ခရမ်း၊ စကွန်းနခွန်း၊ မုတ်ဒါဟန်၊ နခွန်းနာယုဒ်၊ ပရကျင်းဘူရီ၊ ကာလာဆင် စတဲ့ ၇ ခရိုင်မှာ တနေ့ကို ၃၁၈ ဘတ် တိုးမြှင့်ပါတယ်။

ဒါ့အပြင် လွဲ့အစ်၊ ပရကျူတ်ခီရီခန်၊ နခွန်းဆ၀မ်၊ ဖတ်ထလုမ်း၊ ဥဒရဒစ်၊ ဥဒွန်းဌာနီ၊ နခွန်းဖနုန်၊ ဘူရီရမ်၊ ဖစ်ခ်ျဘူရီ၊ စူရင်း၊ ပိစနုလုတ်၊ ဖစ်ခ်ျဘွန်း၊ ချိုင်းနတ်၊ လွေး၊ ယဆိုထောန်း၊ ဘင်းကန်၊ နန့်၊ ကန်ကျနဘူရီ၊ အန်ထောင်း စတဲ့ခရိုင် ၂၁ ခုမှာ တနေ့ကို ၃၁၅ ဘတ်၊ ဆင်းဘူရီ၊  တရန်း၊ လမ်းပန်း၊ လမ်းပွန်း၊ တာ့ခ်၊ ရတ်ခ်ျပူရီ၊ ရနောင်း၊ ချွန်းဖောင်း၊ ဆဒွန်း၊ နောင်ဘိုလမ်းဖူး၊ ဖိကျစ်၊ ကမ်ဖိုင်ဖစ်၊ ဆူခိုးထိုင်း၊ ချင်းရိုင်း၊ ဆီစကစ်၊ ချိုင်းယဖုမ်း၊ ဥထိုင်းဌာနီ၊ အမ်းနတ်ကျလွန်း၊ ဖရဲ့၊ မယ်ဟောင်ဆောင်၊ နခွန်းဆီထမရတ်၊ မဟာဆာရခမ်း စတဲ့ခရိုင် ၂၂ ခုမှာ တနေ့ကို ဘတ် ၃၁၀၊ နရာထိဝပ်၊ ပတ္တနီ၊ ယာ့လား စတဲ့ ခရိုင်တွေမှာတော့ တနေ့ကို ၃၀၈ ဘတ် အသီးသီး တိုးမြှင့်လိုက်ပါတယ်။

လုပ်အားခတွေတိုးမြှင့်ပေးတာနဲ့ ပတ်သက်ပြီး အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ချင်းမိုင် အခြေစိုက် မက်ပ်ဖောင်ဒေးရှင်းမှ နန်းဖိမ်းကတော့ ဥပဒေသက်ဝင်တာ ၂ ရက်ဘဲရှိသေး တဲ့အတွက် အလုပ်သမားတွေ အမှန်တကယ် ရ၊ မရ မသိနိုင်သေးဘူးလို့ ဒီဗွီဘီကို ပြောပါတယ်။

မဟာချိုင်အခြေစိုက် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက်အဖွဲ့မှ ဦးအောင်ကျော် ကတော့ ထိုင်းအစိုးရအဖွဲ့က တရားဝင်အတည်ပြုပေးပြီးဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ သတ်မှတ်နှုန်းထားအတိုင်းရကို ရရမှာဖြစ်လို့ ပြောပါတယ်။  

“ကက်ဘိနက်ကနေ အတည်ပြုပြဌာန်းထားတဲ့ဥပဒေဖြစ်လို့ အလုပ်ရှင်တွေက မပေးဘဲနဲ့ နေမှာတော့ မဟုတ်ဘူးခင်ဗျ။ ကျနော်တို့လည်း  အလုပ်သမားတွေကို အသိပညာပေးတာတွေ လုပ်ပါတယ်။ ဒါပေမယ့် ရွှေ့ပြောင်းလုပ်သားတွေကြားမှာ နေ့တွက်တိုးလာတဲ့အခါတိုင်း တအားကြီး ထူးခြားချောင်လည်လာတာတော့ မရှိဘူးခင်ဗျ၊  ကုန်ဈေးနှုန်း မြင့်လာတာဘဲရှိတယ်။”

နေ့တွက်လုပ်အားခတွေ ခရိုင်ကိုလိုက်ပြီး ၅ ဘတ် မှ ၂၂ ဘတ်ထိ တိုးမြှင့်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီး ဌာနလက်အောက်ခံ လုပ်အားခသတ်မှတ်ရေးဘုတ်အဖွဲ့က ဒီနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့မှာ ထိုင်းအစိုးရ၀န်ကြီးများအဖွဲ့ထံ အဆိုပြုခဲ့တာဖြစ်ပါတယ်။

အဆိုပါ သတ်မှတ်လုပ်အားခကို ထိုင်းနိုင်ငံသားအလုပ်သမားတွေရော နိုင်ငံခြား ရွှေ့ပြောင်းလုပ်သားတွေပါ ညီတူခံစားရမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ တရားဝင်မှတ်ပုံတင်ပြီး နိုင်ငံသားစိစစ်ထားတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား စတဲ့အိမ်နီးချင်းနိုင်ငံက အလုပ်သမားပေါင်း ၂ သန်းခန့်ရှိပြီး အများစုဟာ မြန်မာနိုင်ငံက ဖြစ်တယ်လို့  ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ၂၀၁၇ နှစ်ကုန်ထုတ်ပြန်ချက်အရ သိရ ပါတယ်။

ဒါ့အပြင် မှတ်ပုံမတင်ရသေးသူ၊ မှတ်ပုံတင်ပြီး အလုပ်သမားကတ် မလုပ်ရသေးသူ ရွှေ့ပြောင်းအလုပ်သမားတွေလည်း သိန်းနဲ့ချီ ကျန်ရှိနေပါသေးတယ်။  

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013