ဘိုလီးဗီးယားသမ္မတ ရိုဒရီဂိုပတ်ဇ်ဟာ သူ့ကို ရာထူးကနေ နုတ်ထွက်ပေးဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြနေကြချိန်မှာပဲ သူ့ရဲ့လစာနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေရဲ့ လစာတွေကို ၅၀ ရာခိုင်နှုန်းအထိ လျှော့ချသွားမယ်လို့ မေ ၂၅ ရက်မှာ နိုင်ငံရဲ့ အခြေခံဥပဒေအခြေစိုက် မြို့တော်ဖြစ်တဲ့ ဆူးခရေးမှာ ပြုလုပ်တဲ့ အခမ်းအနားတခုမှာ ပြောပါတယ်။
သမ္မတ ပတ်ဇ်က အခုလို လစာလျှော့ယူလိုက်တာဟာ အစိုးရအနေနဲ့ နိုင်ငံအပေါ် ကတိကဝတ် ပြုထားတဲ့အတိုင်း ဘိုလီးဗီးယားမှာ ပြည်သူတွေနဲ့အတူ ဒုက္ခခံကြိုးပမ်းမဲ့ သမ္မတနဲ့ ဝန်ကြီးတွေ ရှိတယ်ဆိုတာကို ပြတ်ပြတ်သားသား သက်သေပြလိုက်တာပဲလို့လည်း ဆိုပါတယ်။
ဆန္ဒပြမှုတွေကြောင့် လာပတ်ဇ်နဲ့ အယ်လ်အော်လ်တို မြို့တွေမှာ ကုန်စည်စီးဆင်းမှု ပြတ်တောက်တာတွေ ပိုဆိုးလာပြီး ဈေးတွေ၊ ဆေးရုံတွေနဲ့ ဓာတ်ဆီဆိုင်တွေမှာ စားသောက်ကုန်၊ စက်သုံးဆီနဲ့ ဆေးဝါးတွေ အကြီးအကျယ် ပြတ်လပ်နေပါတယ်။
ဆန္ဒပြသူတွေကတော့ အသုံးစရိတ် ချွေတာရေး အစီအစဉ်တွေကို ပြန်ရုပ်သိမ်းပေးဖို့နဲ့ မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းပြဿနာကို ဖြေရှင်းပေးဖို့ သမ္မတ ပတ်ဇ်ရဲ့ အလယ်အလတ်ဝါဒီ အစိုးရကို ဖိအားပေးနေကြတာပါ။
သမ္မတ ပတ်ဇ်က ဆန္ဒပြခေါင်းဆောင်တွေကို အင်အားမသုံးဘဲ အတူတူ ဆွေးနွေးအဖြေရှာဖို့ ဖိတ်ခေါ်ထားပေမဲ့ ပြည်သူတွေကို ငတ်မွတ်အောင်လုပ်တာ၊ စက်သုံးဆီနဲ့ ဆေးဝါးတွေ ပြတ်လပ်အောင် ဖိအားပေးတာမျိုးအောက်မှာ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောဆိုပါတယ်။
လက်ရှိ ဆန္ဒပြပွဲတွေနဲ့ လမ်းပိတ်ဆို့မှုတွေကြောင့် ဘိုလီးဗီးယားမှာ အမျိုးသမီး ၃ ယောက်နဲ့ ကလေးတယောက် သေဆုံးခဲ့ရပြီးပြီလို့ သမ္မတ ပတ်ဇ်က ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ဆေးရုံတွေကို အောက်ဆီဂျင် ပို့ဆောင်ပေးမဲ့ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းမှာ နှောင့်ယှက်ပိတ်ဆို့မှုတွေ ကြုံခဲ့ရပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ ဆန္ဒပြပွဲတွေနဲ့ လမ်းပိတ်ဆို့တာတွေနဲ့ နိုင်ငံရေးအကျပ်အတည်း ပိုကြီးလာတာဟာ စတုတ္ထမြောက် သီတင်းပတ်ထဲ ရောက်လာပြီဖြစ်ပြီး မေ ၂၅ ရက်က မြို့တော် လာပတ်ဇ်မှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။
အစိုးရဘက်ကတော့ အခုလို မတည်ငြိမ်မှုတွေဟာ သမ္မတဟောင်း အီဗို မိုရာလက်စ်ရဲ့ ထောက်ခံသူတွေနဲ့ ပတ်သက်နေပြီး လမ်းပိတ်ဆို့မှုတွေ ဆက်လုပ်နေဖို့အတွက် ဆန္ဒပြသူတွေကို မိုရာလက်စ်အဖွဲ့က ငွေကြေးထောက်ပံ့နေတာလို့ စွပ်စွဲထားပါတယ်။
အခြေအနေတွေဟာ တခြားဒေသတွေမှာလည်း တင်းမာနေဆဲဖြစ်ပြီး သမ္မတဟောင်း မိုရာလက်စ်ရဲ့ အမာခံနယ်မြေဖြစ်တဲ့ ချာပါရေးဒေသ ဗီလာတူနာရီမြို့မှာရှိတဲ့ အမှတ် ၉ စစ်ဌာနချုပ်ကို အဖွဲ့ပေါင်းစုံက ကိုကာစိုက်ပျိုးသူတွေ မော်တော်ဆိုင်ကယ်တွေ မော်တော်ယာဉ်တန်းတွေနဲ့ ဝိုင်းထားခဲ့ကြပါတယ်။
ဒေသတွင်းသတင်းတွေအရ ဆန္ဒပြခေါင်းဆောင်တွေဟာ စစ်စခန်းထဲအထိ ဝင်ရောက်စစ်ဆေးခဲ့ပြီး အရပ်သားတွေကို အင်အားသုံး မနှိမ်နင်းဖို့ စစ်တပ်ကို သတိပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ရာထူးလက်ခံခဲ့ပြီး စီးပွားရေးပျက်ကပ်နဲ့ ကြုံနေရတဲ့ အခြေအနေကို လက်လွှဲယူခဲ့ရတဲ့ သမ္မတ ပတ်ဇ် ကတော့ နိုင်ငံတော်ဘဏ္ဍာရေး အခြေအနေ ပြန်တည်ငြိမ်ဖို့အတွက် အခုလို အသုံးစရိတ် ဖြတ်တောက်တာတွေနဲ့ စက်သုံးဆီ ထောက်ပံ့ကြေး လျှော့ချတာတွေကို လုပ်ဖို့ လိုအပ်တယ်လို့ပဲ ကာကွယ် ပြောဆိုထားပါတယ်။
Source: Reuters










