
တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့မှာ အောက်တိုဘာ ၈ ရက်က ၇ ထပ်တိုက် လူနေအဆောက်အအုံ တလုံးပြိုကျခဲ့တာကြောင့် လူ ၂ ယောက် သေဆုံးသွားပြီး၊ ပိတ်မိနေဆဲ လူတွေအတွက် ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ အစ္စတန်ဘူလ်မြို့တော်ဝန် ဒါဗွတ်ဂူးလ်က ပြောပါတယ်။
အဲဒီအဆောက်အအုံဟာ ဒေသစံတော်ချိန် မနက် ၅ နာရီ ၄၀ မိနစ်လောက်မှာ ပြိုကျခဲ့တာ ဖြစ်ပါတယ်။အဲဒီအဆောက်အအုံမှာ မြေညီထပ်ကို စီးပွားရေးလုပ်ငန်းသုံးအဖြစ် ဖွင့်လှစ်ထားပြီး အပေါ်ထပ်တွေမှာ တိုက်ခန်း ၁၂ ခန်း ပါရှိပါတယ်။
အဲဒီပြိုကျမှုကြောင့် ကလေးငယ် ၃ ယောက် အပါအဝင် လူ ၁၀ ယောက်ကိုတော့ ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။
ပြိုကျမှုဒဏ် မခံရတဲ့ တခြားအထပ်တွေမှာ နေထိုင်သူတွေကိုတော့ ဘေးကင်းရာကို အမြန် ရွှေ့ပြောင်း ပေးခဲ့ကြပါတယ်။
တူရကီနိုင်ငံရဲ့ ဘေးအန္တရာယ်နဲ့ အရေးပေါ်စီမံခန့်ခွဲမှုဌာန (AFAD) အဖွဲ့ဝင်တွေ အပါအဝင် ကယ်ဆယ်ရေးအဖွဲ့တွေက ပိတ်မိနေသူတွေဆီ ဆက်လက်ရောက်ရှိနိုင်ဖို့ ဥမင်လိုဏ်ခေါင်းတွေ တူးဖော်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ အပြင်းအထန် လုပ်ဆောင်ခဲ့ကြရပါတယ်။
အခုချိန်ထိတော့ အဆောက်အအုံ ပြိုကျရတဲ့ အကြောင်းရင်းအတိအကျကို မသိရသေးပါဘူး။
Source: Reuters











