DVB Logo
Home
မြန်မာသတင်း
“ပြည်သူမြင်ချင်သည့် အပြောင်းအလဲ မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကြိုးပမ်းမည်”
DVB
·
March 30, 2018
“ပြည်သူမြင်ချင်သည့် အပြောင်းအလဲ မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကြိုးပမ်းမည်”
Donate to DVB

သမ္မတသစ်ဦးဝင်းမြင့် ကျမ်းသစ္စာကျိန်ဆိုပြီး ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြား

သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံထားရတဲ့ ဦးဝင်းမြင့်၊ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူတို့ ဒီကနေ့ မတ်လ ၃၀ ရက် မနက်က ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုခဲ့ကြပါတယ်။

ကတိသစ္စာပြုပြီးနောက် သမ္မတ ဦးဝင်းမြင့်က ပထမဆုံးအကြိမ် လွှတ်တော်မှာ မိန့်ခွန်းပြောကြားရာမှာ "တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူများဘဝ တိုးတက်မြင့်မားရေး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးတို့ကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမယ်" လို့ ပြောပါတယ်။

နိုင်ငံတွင်းပြုပြင်ပြောင်းလဲရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း “ပြုပြင်ပြောင်းလဲမှု နှောင့်နှေးနေတဲ့ ဌာနဆိုင်ရာ အဖွဲ့အစည်းများကို ကြပ်မတ်ရပါလိမ့်မယ်။ ယိမ်းယိုင်နေတဲ့ တရားစီရင်ရေးကို တည့်မတ်ရပါလိမ့်မယ်။ အဂတိလိုက်စားမှုကို ပိုမိုတိုက်ဖျက်ရပါလိမ့်မယ်။ လူ့ခွင့်အရေး ချိုးဖောက်ခံရခြင်းများကို မြှင့်တင်ကာကွယ်ရပါလိမ့်မယ်။ မူးယစ်ဆေးဝါးကို ပိုမိုနှိမ်နင်းရပါလိမ့်မယ်။ ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့် ဆုံးရှုံးမှု မရှိစေရန် စီမံခန့်ခွဲရပါလိမ့်မယ်။ ဥပဒေမဲ့ သိမ်းဆည်းခံခဲ့ရတဲ့ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ လျော်ကြေး နစ်နာကြေး ရရှိရေးတို့ကို ဥပဒေနဲ့အညီ ဆောင်ရွက်ရပါလိမ့်မယ်။ တောင်သူလယ်သမားများရဲ့ လူနေမှုဘဝ မြင့်မားတိုးတက်ရေး၊ အလုပ်သမားများရဲ့ဘဝ သာယာစိုပြည်ရေး၊ ကျောင်းသားလူငယ်များ အဆင့်မြင့်ပညာရပ်များ ဆည်းပူးခွင့်ရရှိရေး စသည်တို့ကို ဖော်ဆောင်ရပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင် သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကို အလေးအနက်ထားကြဖို့၊ နိုင်ငံတကာ အသိုင်းအဝန်းရဲ့ အလယ်မှာ ကျနော်တို့နိုင်ငံရဲ့ပုံရိပ် ပြန်လည်တောက်ပ မြင့်မားလာအောင် လုပ်ဆောင်ဖို့၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပို၍ပို၍ မြင့်တက်လာအောင် ဆက်လက်ကြိုးပမ်းဖို့၊ ပြည်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ ကြိုးနီစနစ်တွေနဲ့ လူ့အဖွဲ့အစည်းအတွင်း လှိုက်စားနေတဲ့ အဂတိလိုက်စားမှုတွေကို စနစ်တကျ တိုက်ဖျက်သွားမယ်လို့လည်း ပြောပါတယ်။

"ပြည်သူတွေ မြင်ချင်တွေ့ချင်တဲ့ အပြောင်းအလဲတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်အောင် ကျနော်တို့ရဲ့ ပြည်သူတွေနဲ့အတူ မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက်သွားမယ်" လို့လည်း သမ္မတသစ်က အလေးအနက် ကတိပေးပြောကြားသွားပါတယ်။

သမ္မတ ကတိသစ္စာပြုပွဲကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တက်ရောက်ခဲ့သလို အန်အယ်လ်ဒီ နာယက သူရဦးတင်ဦးနဲ့ ဦးဝင်းထိန် စသူတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံရဲ့ ၁၀ ယောက်မြောက် နိုင်ငံတော်သမ္မတအဖြစ် မတ်လ ၂၈ ရက် မနက်က ပြည်ထောင်စုလွှတ်တော်မှာ ဦးဝင်းမြင့်ကို ထောက်ခံမဲ ၄၀၃ မဲနဲ့ ရွေးချယ်တင်မြှောက်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လမှာ သမ္မတဦးထင်ကျော် အလားတူ မိန့်ခွန်းပြောတုန်းကတော့ အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်ပေါ်ရေးကို ရှေးရှုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ပေါ်ပေါက်ရေး၊ ပြည်သူလူထု အများစုရဲ့ လူနေမှုဘဝ အဆင့်အတန်း တိုးတက်မြင့်မားရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013