
ရှမ်းပြည်နယ်မြောက်ပိုင်း မဘိန်းမြို့နယ် ငအိုးရွာနဲ့ ကချင်ပြည်နယ် ရွှေဂူမြို့ကြားက ဗန်းမော်-မန္တလေး လမ်းပေါ်မှာ စစ်အာဏာရှင်တပ်သားတွေနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေတယ်လို့ ရွှေဂူမြို့နယ် ရှေ့တန်း သတင်းရင်းမြစ်တယောက်ဆီက သိရပါတယ်။
စစ်အာဏာရှင်တပ်သားတွေက ငအိုးကျေးရွာကနေတဆင့် ကချင်ပြည်နယ်ဘက်ကို စစ်ကြောင်းထိုး လှုပ်ရှားလာတာကြောင့် တိုက်ပွဲဖြစ်ပွားနေတာ တပတ်ဝန်းကျင်ရှိလာပြီးတော့ နှစ်ဖက်စစ်ရေးတင်းမာနေဆဲ အခြေအနေ ဖြစ်တယ်လို့ ပြောပါတယ်။
“မြေပြင်တိုက်ပွဲက နေ့တိုင်းရှိတယ်။ လက်ရှိကတော့ မီတာ ၁,၀၀၀ လောက် ခဏပေးထားရတာရှိတယ်၊ မြေပြင်တိုက်ပွဲကတော့ နေ့တိုင်း ဖြစ်နေတာ ရှိတယ်။”
မေ ၁၆ ရက်မှာလည်း ရွှေဂူမြို့ဘက်က စစ်အာဏာရှင်တပ်သားတွေ တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာကို စစ်ကြောင်းလှုပ်ရှားလာတာရှိပေမဲ့ တိုက်ပွဲဖြစ်ပွားတာတော့ မရှိသေးဘူးလို့ သိရပါတယ်။
တပတ်ကြာ တိုက်ပွဲအတွင်း စစ်အာဏာရှင်ဘက်က အကျအဆုံးများပြီး တိုက်ပွဲဖြစ်ပွားတဲ့ ပတ်ဝန်းကျင်နဲ့ ငအိုးသင်္ချိုင်းကုန်းတွေကို ကားနဲ့တိုက်ပြီး သွားရောက်မြှုပ်နှံတာတွေရှိတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“ခွေးတွေရဲ့ ထိခိုက်ကျဆုံးမှုကတော့ ငအိုးသင်္ချိုင်းနဲ့ အဲပတ်ဝန်းကျင်မှာနေတဲ့သူတွေကို မေးမှသိမယ်၊ ကားအစီးရေ ဘယ်နှခေါက်ချတယ်၊ အလောင်းဘယ်လောက် သင်္ဂြိုဟ်တယ် ဆိုတာတော့ အဲနားပတ်ဝန်းကျင်က လူတွေပို သိလိမ့်မယ်။ တချို့ကတော့ နီးစပ်ရာ သရက်ခြံတွေမှာ သင်္ဂြိုဟ်တယ်၊ သင်္ချိုင်းကုန်းတွေကိုလည်း ကားနဲ့ပို့ပြီး သင်္ဂြိုဟ်တယ်လို့ ကြားသိရတယ် “ လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေပေမဲ့ စစ်အာဏာရှင်ဘက်က လေကြောင်းတိုက်ခိုက်မှု နည်းပါပြီး ဒရုန်းတိုက်ခိုက်မှုတွေတော့ ဆက်ရှိနေတယ်လို့ ပြောပါတယ်။
ငအိုးနဲ့ ရွှေဂူကြားမှာရှိတဲ့ ကျေးရွာက ပြည်သူတွေကတော့ နှစ်ဖက်တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘေးလွတ်ရာကျေးရွာတွေမှာ ထွက်ပြေးတိမ်းရှောင်နေထိုင်နေရတယ်လို့ သိရပါတယ်။
စစ်အာဏာရှင်က မိုးမိတ်ကနေတဆင့် မဘိန်းမြို့ဘက်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ လက်ရှိအချိန်အထိတော့ မြေပြင်တိုက်ပွဲတွေ ဖြစ်ပွားတာ မရှိသေးဘူးလို့ သိရပါတယ်။










