DVB Logo
Home
မြန်မာသတင်း
ဒုသမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်
DVB
·
March 23, 2018
ဒုသမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်
Donate to DVB

ပြည်သူ့လွှတ်တော် ရွေးကောက်ခံကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကနေ ဒုတိယသမ္မတအဖြစ် ဦးဝင်းမြင့်ကို ရွေးချယ်လိုက်ပါတယ်။

မတ်လ ၂၃ ရက် လွှတ်တော်အတွင်း ဒုတိယသမ္မတတွေအဖြစ် အဆိုပြုတင်သွင်းခဲ့တဲ့ ဦးဝင်းမြင့်နဲ့ ဦးသောင်းအေးတို့ကို ကိုယ်စားလှယ်တွေက ဆန္ဒမဲပေး ရွေးချယ်ခဲ့ရာမှာ ဦးဝင်းမြင့်က ဆန္ဒမဲ ၂၇၃ မဲနဲ့ ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ဒီနေ့ လွှတ်တော်တက်ရောက်ခဲ့တဲ့ ရွေးကောက်ခံကိုယ်စားလှယ် ၃၀၄ ဦးတို့က ဆန္ဒမဲပေး ရွေးချယ်ခဲ့ကြရာမှာ ကြံ့ခိုင်ရေးအမတ် ဦးသောင်းအေးက ၂၇ မဲရရှိခဲ့ပြီး ပယ်မဲ ၄ ခု ရှိခဲ့ပါတယ်။

ဒီနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေး ပထမပိုင်းမှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကနေ ဒုတိယသမ္မတလောင်းအဖြစ် အန်အယ်လ်ဒီအမတ် တာမွေမဲဆန္ဒနယ်က ဦးဝင်းမြင့်နဲ့ ပြည်ခိုင်ဖြိုးအမတ် ပျော်ဘွယ်မဲဆန္ဒနယ် ဦးသောင်းအေးတို့ကို အဆိုပြုတင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးဝင်းမြင့်ကို ဒုတိယသမ္မတအဖြစ် ရွေးချယ်လိုက်ကြောင်း ပြည်ထောင်စုလွှတ်တော်ထံ အကြောင်းကြားပေးပို့သွားမှာဖြစ်ပါတယ်။

ဒုတိယသမ္မတ ဦးဝင်းမြင့်ဟာ သမ္မတအရည်အချင်းစိစစ်ရေးအဖွဲ့ရဲ့ စိစစ်မှုကို ခံယူရမှာဖြစ်ပါတယ်။

အဲ့ဒီနောက် လက်ရှိ ဒုတိယသမ္မတ ၂ ဦးအပါအ၀င် ဒုတိယသမ္မတ ၃ ဦးအနက် ၁ ဦးကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက လျှို့ဝှက်မဲပေး ရွေးချယ်တင်မြှောက်ကြရမှာ ဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ မဲအများဆုံးရသူဟာ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရမှာ ဖြစ်ပါတယ်။ ဒုတိယမဲအများဆုံးရသူက ဒုတိယသမ္မတ ၁ ဖြစ်လာပြီး ဆန္ဒမဲအနည်းဆုံးရသူက ဒုတိယသမ္မတ ၂ ဖြစ်လာမှာပါ။

ဒုသမ္မတအဖြစ် ရွေးချယ်ခံလိုက်ရတဲ့ ဦးဝင်းမြင့်ဟာ အန်အယ်လ်ဒီ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သလို ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နေရာကနေ နုတ်ထွက်ထားတာပါ။

ဦးဝင်းမြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ ဓနုဖြူကနေဝင်ပြိုင်ပြီး အနိုင်ရရှိခဲ့ပါတယ်။   ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ပုသိမ်မဲဆန္ဒနယ်ကနေ ဝင်ပြိုင်ပြီး အနိုင်ရခဲ့ပေမယ့် ၂၀၁၅ ရွေးကောက်ပွဲတွေမှာတော့ တာမွေမြို့နယ်က ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့သူ ဖြစ်ပါတယ်။

ဦးဝင်းမြင့်ဟာ ၁၉၅၁ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာမွေးပြီး ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ချောင်းကျေးရွာ ဇာတိဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်ကနေ ဘူမိဗေဒနဲ့ ဘွဲ့ရခဲ့ပြီး တရားလွှတ်တော်ရှေ့နေတယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ တာမွေမြို့နယ် မဂ္ဂင်လမ်း ကျားကွက်သစ်ရပ်ကွက်မှာ နေထိုင်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013