DVB Logo
Home
Lead Story
ဦးတီခွန်မြတ် လွှတ်တော်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်မလား (သုံးသပ်ချက်)
DVB
·
March 23, 2018
ဦးတီခွန်မြတ် လွှတ်တော်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်မလား (သုံးသပ်ချက်)
Donate to DVB

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်နေရာမှာ ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို ရွေးချယ်တင်မြှောက်လိုက်ပါတယ်။

ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်နေရာမှာတော့ ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်ကို မတ်လ ၂၂ရက် ပြည်သူ့လွှတ်တော်ထဲမှာပဲ တပြိုင်တည်း ရွေးကောက်တင်မြှောက်ခဲ့ကြပါတယ်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူဖူးတဲ့ ဦးဝင်းမြင့်ဟာ လွှတ်တော်ကို ထိန်းကျောင်းရာမှာ နာမည်ကြီးပြီး အစိုးရတာဝန်ရှိသူတွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ထောက်ပြလေ့ရှိသူ ဖြစ်ပါတယ်။

အခု ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးတီခွန်မြတ်ဟာ အရင် ဦးသိန်းစိန်အစိုးရလက်ထက်က ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ တာဝန်ယူဖူးပြီး အခု အစိုးရလက်ထက်မှာတော့ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်ထဲ ရောက်လာသူဖြစ်ပေမယ့် မကြာသေးခင်ကပဲ ပါတီဝင်အဖြစ်က နုတ်ထွက်ထားသူလည်း ဖြစ်ပါတယ်။

လွှတ်တော်ဥက္ကဋ္ဌသစ်ဖြစ်လာသူ ဦးတီခွန်မြတ်ဟာ ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့်လို လွှတ်တော်ကို ကောင်းကောင်း ထိန်းကျောင်းနိုင်ပါ့မလား။ လွှတ်တော်တွင်း အခင်းအကျင်းတွေ ပြောင်းလာဖို့လမ်း မြင်မိပါသလား။

ဒါနဲ့ပတ်သက်လို့ သီပေါလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းကတော့ အပြောင်းအလဲ သိပ်မရှိနိုင်ဘူးလို့ ပြောပါတယ်။

“သိပ်တော့ အပြောင်းအလဲမရှိနှိုင်ဘူး ထင်ပါတယ်။ ဦးဝင်းမြင့်လို ဝန်ကြီး၊ ဒုဝန်ကြီးတွေ အဖြေမကာင်းရင် ဖဝဖန်ထောက်ပြရာမှာတော့ ဦးဝင်းမြင့်လောက် ပြင်းထန်လိမ့်မယ်မထင်ပါ။ လွှတ်တော်ရဲ့လုပ်ငန်းစဉ်ကတော့ ဥပဒေပြဋ္ဌာန်းထားတဲ့အတိုင်း ဆောင်ရွက်ရတာဖြစ်လို့ သိပ်ကြီးကြီးမားမားမပြောင်းနှိုင်ပါ။”

နိုင်ငံရေးသုတေသီ ဦးအောင်သူငြိမ်းကတော့ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဦးတီခွန်မြတ်ကို ဘာကြောင့် ရွေးသလဲဆိုတာ သူ နားမလည်ဘူးလို့ ပြောပါတယ်။

“အန်အယ်လ်ဒီပါတီက ဦးတီခွန်မြတ်ကို ဘာကြောင့် ရွေးသလဲဆိုတာ ကျနော် နားမလည်ဘူး။ အန်အယ်လ်ဒီထဲမှာ လူ ဒီလောက် ရှားသလားပေါ့။ ခေါင်းဆောင်မှု နေရာယူဖို့ ဒါကြောင့်မို့ ပေးလိုက်တာလားဆိုတဲ့ ပြဿနာ ရှိပါတယ်။ နောက်တခု လွှတ်တော်အမတ် လုပ်တော့မယ်ဆိုကတည်းက လူတွေမှာ ကိုယ်ကျိုးစီးပွား စဉ်းစားတာလေးတွေ ရှိတာပေါ့ဗျာ။ ဆိုလိုတာက အမတ်ဖြစ်ပြီးရင် ၀န်ကြီးဖြစ်ချင်တယ်။ အမတ်ဖြစ်ပြီးရင် အရေးပါတဲ့နေရာ ရချင်တယ်၊ ဒါတွေ ရှိပါလိမ့်မယ်။ အဲ့ဒီတော့ အခုက ကြားထဲက ဦးတီခွန်မြတ်ကို တင်ပေးလိုက်တဲ့ အခါကျတော့ ကျနော်ထင်တယ်၊ ပါတီထဲမှာလည်း စည်းလုံးညီညွတ်မှု ပြဿနာမျိုး ရှိနိုင်မယ် ထင်တယ်။”

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က လည်း ပါတီတွင်းမှာ အလားတူ ပြဿနာ ရှိနိုင်တယ်လို့ ပြောပါတယ်။

“ရှိနိုင်ပါတယ်။ နှစ်ပေါင်း ၃၀ လုပ်လာပြီး ဒီလို ဖြစ်မယ်မှန်းသိရင် ဘယ်သူ လုပ်မှာလဲ၊ နှစ်ပေါင်း ၃၀ ဘ၀အပျက်ခံ လုပ်တဲ့သူတွေအများကြီး၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်တွေက တော်တော် စိတ်ရှည်သီးခံတာပဲ၊ တဦးချင်း ဆုံးဖြတ်သွားနိုင်တဲ့ အနေအထား မရှိဘဲနဲ့ ပါတီရဲ့ ညွှန်ကြားချက်အတိုင်းပဲ လုပ်နေရတာဆိုတော့ သိပ်တော့ အဓိပ္ပာယ်မရှိလှဘူးဗျ။ ပြည်သူက ရွေးထားတာလေ။ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ရမှာပေါ့။ အခုက ပါတီကိုယ်စားလှယ် ဖြစ်နေတယ်။”

လွှတ်တော်စောင့်ကြည့်လေ့လာရေးအဖွဲ့တခုဖြစ်တဲ့  ပွင့်လင်းမြန်မာ့ရှေ့ဆောင်အမှုဆောင် ဒါရိုက်တာ ဦးအေးကျော်ကလည်း ဦးတီခွန်မြတ်အနေနဲ့ လွှတ်တော်ကို ဘယ်လို ထိန်းကျောင်းမလဲ ဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်လို့ ပြောပါတယ်။

“သေချာတာကတော့ အခု သတ္တမအကြိမ်အစည်းအဝေးပြီးလို့ အဌမအကြိမ် အစည်းအဝေးကျရင် ဦးတီခွန်မြတ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတယောက်အနေနဲ့ ပြည်ထောင်စု လွှတ်တော်နာယကလည်း ဖြစ်လာမှာပေါ့လေ။ ပြည်ထောင်စုလွှတ်တော်နာယက တယောက် အနေနဲ့ ပြည်သူ့လွှတ်တော်ရော အမျိုးသားလွှတ်တော်ကိုရော ထိန်းကျောင်းရတဲ့အနေအထား ရှိလာမယ်။ ကိုယ်စားလှယ်အများစု ရှိမနေတဲ့ပါတီက လူတယောက်က ဒီနေရာမှာ ယူပြီးတော့ လွှတ်တော်ကြီးတခုလုံးကို မောင်းနှင်မယ့်ဟာကတော့ စိုးရိမ်ဖို့လည်းကောင်းတယ်။ စိတ်ဝင်စားဖို့ လည်း ကောင်းတယ်ဗျ၊ စောင့်တော့ ကြည့်ရမှာပဲ။ သူက ပါတီက မဟုတ်ဘဲနဲ့ ဒီ ပါတီကိုယ်စားလှယ်အများစုကို သူဘယ်လောက် သြဇာသက်ရောက်မလဲ၊ ဘယ်လောက် ထိန်းကျောင်းနိုင်မလည်းဆိုတာ တော်တော်စိတ်ဝင်စားဖို့ ကောင်းတယ်။”

နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရည်မွန် ခေါ် မောင်တင်သစ်ကတော့ ဦးဝင်းမြင့် လက်ထက်မှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်နဲ့ အသားကျသွားပြီဖြစ်လို့ လွှတ်တော်အခင်းအကျင်းတွေ သိပ်ပြောင်းသွားမယ် မထင်ဘူးလို့ ပြောပါတယ်။

ဥက္ကဋ္ဌကို ပါတီကလူ မရွေးတဲ့ တခြားအကြောင်းရပ်တွေကိုလည်း သူက ခုလို ပြောပါတယ်။

“ကျနော့်အထင်အမြင်ကို ပြောရရင်တော့ ကိုယ့်ပါတီမှာ လူ မရှိလို့ ဆိုတာထက် တခြားအကြောင်း ရှိလိမ့်မယ်လို့ ထင်ပါတယ်။ တခြားအကြောင်းထဲမှာ ဘာပါနိုင်သလဲဆိုတော့ တိုင်းရင်းသားတွေကို ပိုပြီးတော့ နေရာပေးချင်တဲ့ အကြောင်းရင်းတခု ပါနိုင်တာ ဖြစ်နိုင်တယ်။ အတိအကျကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ခေါင်းဆောင်တွေ ရွေးချယ်တာဝန်ပေး ထားတာ ဖြစ်တဲ့အတွက် ပါတီရဲ့ လမ်းစဉ်တွေနဲ့ ကဏ္ဍကောစ ဖြစ်လိမ့်မယ်လို့ ကျနော် မထင်ပါဘူး။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013