
ထိုင်း-မြန်မာနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၅၂ ယောက် ဖမ်းဆီးခံခဲ့ရတယ်လို့ ကန်ကျနပူရီ ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။
နယ်မြေထဲမှာ နယ်စပ်ဖြတ်ကျော် တရားမဝင် ဝင်ရောက်မှုတွေ ကြပ်မတ်နှိမ်နင်းဖို့ ခရိုင်ဝန်က နမ့်ကစ် နယ်ခြားဂိတ် တာဝန်ရှိသူတွေကိုရော ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားထားတာကြောင့် မြို့နယ်အုပ်ချုပ်ရေး၊ လဝကရဲတပ်ဖွဲ့၊ စူရဆီစစ်ကြောင်းမှ တပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ ဩဂုတ် ၁၃ ရက် ညက နယ်လှည့်စစ်ဆေးရေး ဆောင်ရွက်ခဲ့ပါတယ်။
ည ၁၁ နာရီလောက်မှာတော့ ဆန်ခလပူရီမြို့နယ် နောင်လူးကျေးရွာအုပ်စု နယ်မြေ ၈ အတွင်းရှိ ကျွဲကောသီးခြံအနောက်ဘက် တောစပ်လမ်းနားမှာ လူတစု ပုန်းအောင်းနေတာကို တွေ့ရှိခဲ့ပါတယ်။
တာဝန်ရှိသူတွေဟာ အဆိုပါနေရာကို ပိတ်ဆို့စစ်ဆေးတာမှာ မြန်မာနိုင်ငံသား အမျိုးသား ၃၄ ယောက်၊ အမျိုးသမီး ၁၈ ယောက် စုစုပေါင်း ၅၂ ယောက် တွေ့ရှိခဲ့ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် အထောက်အထား တစုံတရာ မပါရှိတာကြောင့် ဆန်ခလပူရီရဲစခန်းကို ခေါ်ယူထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
ရဲစခန်းမှာ စကားပြန်ကနေတဆင့် ဆက်လက်စစ်ဆေးမေးမြန်းရာမှာ အသက် ၄၄ နှစ်အရွယ် ဦးအောင်မြင့်က “သူတို့ဟာ မြန်မာနိုင်ငံ ဒေသအသီးသီးကဖြစ်ပြီး ထိုင်းနိုင်ငံမှာ အလုပ်လာလုပ်ဖို့ ဘုရားသုံးဆူမြို့နယ်မှာ လာစုကြတယ်။ အဲဒီနောက် လမ်းပြက စစ်ဆေးရေးဂိတ်တွေ ရှောင်ကွင်းဖို့ သဘာဝတောလမ်းကနေ ခေါ်ဆောင်လာတယ်။ သူတို့ကို ကျွဲကောခြံအနောက်ဘက် တောစပ်မှာထားခဲ့ပြီး ထိုင်းနိုင်ငံအတွင်းဘက်ကို ဆက်ဝင်ဖို့ လာခေါ်မဲ့ကားကို အဲဒီနေရာကနေ စောင့်ဆိုင်းနေစဉ် ခုလို အဖမ်းခံရတာ” လို့ ထွက်ဆိုပါတယ်။
တာဝန်ရှိသူတွေက သူတို့အားလုံးကို နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ထံ ဆက်လက်လွှဲပြောင်းပေးလိုက်ကြောင်း ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။
Source: Kanchanaburi News / JoCho News











