ဂရိအာဏာပိုင်တွေဟာ သက်ဆာလိုနီကီမြို့ရဲ့ မြောက်ဘက် အိုရီယိုကာစထရို ဒေသန္တရ အုပ်ချုပ်ရေးနယ်အနား စိုက်ပျိုးရေးနဲ့ သစ်တောဒေသထဲမှာ ဇူလိုင် ၅ ရက်က တောမီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်ခဲ့ရပါတယ်။
ဇူလိုင် ၄ ရက်မှာ စတင်လောင်ကျွမ်းခဲ့ပြီး အနီးနားက အိမ်တွေက ဒေသခံတွေကို ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရတဲ့ မီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ဖို့ မီးသတ်သမားတွေက ရေဖြန်းလေယာဉ်တွေကို သုံးခဲ့ကြပါတယ်။
မီးက အမြန်ကူးစက်ပျံ့နှံ့သွားပြီး စက်မှုလုပ်ငန်း စက်ရုံတွေနားက သစ်တောတွေကို လောင်ကျွမ်းခဲ့တဲ့အပြင် စက်ရုံ ၂ ရုံကို လုံးဝပျက်စီးစေခဲ့ပါတယ်။
မနက် ၆ နာရီကတည်းက လေယာဉ်တွေနဲ့ ရဟတ်ယာဉ်တွေက ရေတွေကို အဆက်မပြတ် ဖြန်းပေးနေတယ်လို့ မီးလောင်နေတဲ့ စက်ရုံတွေထဲက တခုအနားမှာနေထိုင်တဲ့ အိမ်က မီးလွတ်သွားတဲ့ ဒေသခံက ပြောပါတယ်။
ဇူလိုင် ၅ ရက် မနက်မှာ မီးသတ်တပ်ဖွဲ့က မီးသတ်သမား အယောက် ၁၆၀၊ အထူးပြု တောမီးငြှိမ်းသတ်အဖွဲ့ ၅ ဖွဲ့၊ မီးသတ်ကား ၅၂ စီးနဲ့ လေယာဉ် ၅ စင်းတို့ကို မီးငြှိမ်းသတ်ဖို့ လွှတ်ထားပြီး အင်အားဖြည့်တင်းတာတွေရှိလာဖို့ မျှော်လင့်ထားပါတယ်။
အသက် ၇၆ နှစ်အရွယ် အမျိုးသားတယောက်ရဲ့ ကားကနေ မီးပွားတွေ ထွက်လာပြီးတဲ့နောက် မီးစတင် လောင်ကျွမ်းခဲ့တယ်ဆိုတဲ့ သံသယအတွက် အဖမ်းခံထားရတယ်လို့ ဂရိနိုင်ငံရဲ့ အများပိုင် ရုပ်သံ ERTက ထုတ်လွှင့်ပါတယ်။










