DVB Logo
Home
ငြိမ်းချမ်းရေး/စစ်ရေး
ရေကြည်၊ သာပေါင်းနှင့် ဂွမြို့နယ်အစပ်၌ စစ်ရေးတင်းမာ
စိုးသူအောင်
·
July 8, 2026
Photo: AA
Photo: AA
Donate to DVB

ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အစပ်က ရေကြည်၊ သာပေါင်းနဲ့ ဂွမြို့နယ်အစပ်မှာရှိတဲ့ စစ်အာဏာရှင်တပ်ရဲ့ ပွိုင့်ကုန်း ၃ ခုနဲ့ ကာကင်း ၂ ခုကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် နိုင်ခဲ့ပြီးတဲ့နောက် ဆက်လက် စစ်ရေးတင်းမာနေပါတယ်။

နှစ်နဲ့ချီအောင် သိသာတဲ့ အပြောင်းအလဲ မရှိခဲ့တဲ့ ဧရာဝတီစစ်ဒေသမှာ အခုလပိုင်းထဲမှာတော့ AA ဦးဆောင်တဲ့ တပ်တွေက စစ်အာဏာရှင်တပ်ရဲ့ ပွိုင့်ကုန်းကြီး ၃ ခုနဲ့ ပွိုင့် ၂၂၇ ရဲ့ ကာကင်း ၂ ခု စုစုပေါင်း စခန်း ၅ ခုကို ၁၇ ရက်အတွင်း သိမ်းပိုက်လိုက်ပါတယ်။

ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၃ ရက်နေ့အတွင်း သိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲဒီစခန်း ၅ ခုဟာ ရေကြည်၊ သာပေါင်းနဲ့ ဂွမြို့နယ်အစပ်မှာရှိတဲ့ ရိုးမတွင်းက စခန်းကုန်းတွေဖြစ်တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

တဖက်မှာလည်း စစ်အာဏာရှင်တပ်ဟာ သာပေါင်းမြို့နယ်အတွင်းက ကျေးရွာတွေအပြင် ရေကြည်နဲ့ သာပေါင်းမြို့နယ်ကြားက ရွာတွေမှာ အခိုင်အမာ တပ်စွဲထားတယ်လို့ ဒေသခံ အမျိုးသား တယောက်က ပြောပါတယ်။

“ခေနန်အုပ်စုရဲ့ အထက်ပိုင်းမှာ ရေတပ်ကတော့ အဲဒီမှာ တပ်စွဲမယ်ဆိုပြီး အလံတွေ စိုက်ထားတာ ဟိုရက်က။ နောက် အဲဒီမှာတော့ ဇက်ရေယာဉ်တစီးနဲ့ လက်နက်ကြီးတလက်ကို သင်္ဘောပေါ်မှာတင် ပြီးတော့ ဘုရားကြီးမှာ သူတို့က ကမ်းနားမှာ အဆင်သင့်ထားတယ်။ ရွှေရင်မျှော်မှာတော့ သူတို့ တပ်ဖြန့်ထားတယ်။ သရက်ကုန်းမှာ တပ်ရှိတယ်။ သံဘတ်ဆိုတဲ့ ဘုန်းကြီးကျောင်းမှာ တပ်ရှိတယ်။ အဲဒီကနေမှ အပေါ်ကိုတက်ရင် ဝါးတောကွင်းမှာလည်း ရှိတယ်။ အဲဒီကရွာတွေမှာတော့ သူတို့က တောက်လျှောက်ပေါ့ကွာ။ ဝါးတောကွင်းရွာထိပ်မှာ တလက်၊ နောက် ကမ်းဘားကြီးရွာရဲ့ထိပ်က ဥယျာဉ်ထဲမှာ အဲဒီမှာ မြေကွက်လပ်ရှိတယ်၊ အဲမှာလည်း လက်နက်ကြီးတလက်။ အခုအခြေခံချ ထားတာတော့ အဲဒီ ကမ်းပါးကြီးကို သူတို့ အခိုင်အမာ လုပ်ထားတယ်။ ရေကြည်မြို့နယ်မှာတော့ ညောင်မှော်တောင်တန်းမှာ တပ်ရှိတယ်။ ရုံးပင်ကွင်းမှာလည်း လက်နက်ကြီး ထိုင်ထားတယ်။ အဲဒါက ရေကြည်မြို့နယ်ထဲက ညောင်မှော်တောင်တန်း အုပ်စုထဲက ဓာတ်တော်ကုန်း ဆိုတဲ့ ကုန်း၊ အဲဒီကုန်းက ကုန်းလည်း ကုန်းမြင့်၊ အဲဒီမှာလည်း လက်နက်ကြီးတလက် ထိုင်တယ်။”

အခုလို တပ်ဖြန့်ထားတာနဲ့ လူမရှိတဲ့ နေအိမ်တွေက ပစ္စည်းတွေကို ယူငင်တာကြောင့် အဲဒီရွာတွေမှာ အိမ်စောင့်နဲ့ ငွေကြေးမတတ်နိုင်ကြသူတွေလောက်သာ ဆက်လက်နေထိုင်ကြပြီး ဒေသခံအတွေပေါ်  ဖိနှိပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ စစ်အာဏာရှင်တပ်ဟာ ဧရာဝတီတိုင်းအတွင်း AA ရဲ့ တန်ပြန်ထိုးစစ်ကို ဟန့်တားနိုင် ဖို့အတွက် ဧရာဝတီတိုင်းထဲမှာ တပ်အင်အားတွေကို တိုးမြှင့်ထားပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်ရဲ့ အခုလို တန်ပြန်ထိုးစစ်ဆင်လာမှုဟာ ဧရာဝတီတိုင်းနဲ့ အိမ်နီးချင်း ပဲခူးတိုင်းအကြား ကုန်းကြောင်းဆက်သွယ်ရေးကို ဖြတ်တောက်သွားနိုင်တဲ့ အခြေအနေ ရှိတယ်လို့ စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

“အခု ဒီရက်ထဲမှာလည်း ၂၂၇ စခန်းအနားထိကို ထပ်ပြီးကပ်တဲ့ အနေအထားမျိုး တွေ့ရတယ်။  မြေပုံညွှန်းအတိအကျ စိစစ်ဆဲ၊ အဲဒီ စိစစ်ဆဲစခန်းတွေ ပြီးသွားပြီဆိုရင်တော့ ရေနံ့သာလမ်းဆုံမှာ အာရက္ခတပ်က ထိန်းချုပ်လိုက်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်။ အဲဒါဆိုရင် ကျနော်တို့ ရေနံ့သာလမ်းဆုံသာ ထိန်းချုပ်လိုက်နိုင်မယ်ဆိုရင် ကျနော်တို့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းထဲက ကျနော်တို့ အဆက်အသွယ် လုံးဝ ကုန်းကြောင်းပေါ့နော် အဆက်အသွယ် ပြတ်တောက်သွားပြီ။ အဲလိုမျိုးဆိုရင် ကျနော်တို့ ဒီ မြောက်စမ်းပေါ့နော်၊ မြောက်စမ်းနယ်မြေကိုတောင်မှပဲ ပြန်ပြီးတော့ သိမ်းပိုက်လိုက်နိုင်တဲ့ အနေအထားမျိုး ဖြစ်သွားတယ်။ အဲတော့ ပထမတချက်အနေနဲ့ ဒီ ရေနံ့သာလမ်းဆုံကိုသာ အာရက္ခနဲ့ ပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီးပြီဆိုရင် ဧရာဝတီတိုင်း စစ်မျက်နှာပြင်က အာရက္ခတပ်ဘက်က အများကြီး အလေးသာသွားနိုင်တဲ့ အနေအထားမျိုး ရှိတယ်။”

လက်ရှိမှာတော့ AA ဘက်က ထွက်ပြေးသွားတဲ့ စစ်အာဏာရှင် တပ်သားတွေကို လိုက်လံ ရှင်းလင်းနေသလို စစ်အာဏာရှင်တပ်ဘက်ကလည်း လေကြောင်းနဲ့ ဒရုန်းတွေသုံးပြီး တန်ပြန်တိုက်ခိုက်နေတာကြောင့် ဇူလိုင်လထဲအထိ နှစ်ဖက်စစ်ရေးဟာ ဆက်လက်တင်းမာနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် အခုလပိုင်းထဲ မကျီးဇင်နဲ့ သာပေါင်းကြားနေရာတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရှိခဲ့သလို အမတ ၃၄၄ ဘက်ကိုလည်း ရိက္ခာနဲ့ ခဲယမ်းတွေ ပို့နေပြီး စခန်းကနေ ထွက်ပြေးကြတဲ့ စစ်မှုထမ်းတွေကို ပစ်သတ်တဲ့ သတင်းတွေကိုလည်း ကြားနေရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013