
ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က Yanora မြန်မာဘုန်းကြီးကျောင်းမှာ မေ ၉ ရက်နဲ့ ၁၀ ရက်က မြန်မာနိုင်ငံက ဘာသာပေါင်းစုံ စုပေါင်းပြီး ထမနဲပွဲနဲ့ ညောင်ရည်သွန်းပွဲတို့ကို ကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာတော့ အခုလို ထမနဲပွဲတွေကို အေးတဲ့ရာသီဖြစ်တဲ့ ပြာသိုလမှာ ကျင်းပလေ့ရှိပေမဲ့ အဲဒီအချိန်က ဆစ်ဒနီမြို့မှာ ပူပြင်းတာကြောင့် အေးတဲ့ရာသီဖြစ်တဲ့ မေလထဲမှာ ပြုလုပ်ကြတာပါ။
မြန်မာနိုင်ငံသားတွေ တနေရာတည်းမှာ စုစုစည်းစည်း ဆုံတွေ့စေဖို့နဲ့ အခုလိုဘာသာရေးပွဲတွေကို အခြေခံပြီး ကုသိုလ်ရေးတွေ အတူတကွ လုပ်နိုင်စေဖို့ ရည်ရွယ် ကျင်းပတာလို့ ပွဲစီစဉ်သူတယောက်ဖြစ်တဲ့ ABSDF တပ်ဖွဲ့ဝင်ဟောင်း ဦးပေါက ပြောပါတယ်။
ထမနဲထိုးတာက စုပေါင်းလုပ်ရတာဖြစ်လို့ ဒီအလေ့အထတွေကို ဘာသာရေးနဲ့ယှဉ်ပြီး နောက်မျိုးဆက်တွေ သိစေချင်တာ၊ တိုင်းပြည်အတွက်လည်း အခုလို စုပေါင်းညီညွတ်စေခြင်းဖြင့် အောင်မြင်မှုတွေ ရနိုင်တယ်ဆိုတာကို ပြသချင်လို့ ထမနဲပွဲမှာ ပါဝင်တာလို့လည်း ကူညီသူ အမျိုးသမီးတယောက်က ပြောပါတယ်။
အခုလိုမျိုးပွဲကို ဆစ်ဒနီမှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကတည်းက နှစ်စဉ် ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒီနှစ်မှာတော့ ကောက်ညှင်းဆန် ကီလို ၆၀ ကို မိုးဗြဲဒယ် ၆ အိုး ထိုးပြီးလှူဒါန်းခဲ့သလို လူ ၄၀၀ စာ မုန့်ဟင်းခါးနဲ့ တခြား မြန်မာအစားအစာတွေပါ ကျွေးမွေးဧည့်ခံခဲ့ပါတယ်။
ဒါ့အပြင် သံဃာ ၆ ပါးကို ဆွမ်းဆန်စိမ်းလောင်းလှူပြီး ဓမ္မစကြာရွတ်၊ ညောင်ရေသွန်းခဲ့သလို တကမ္ဘာလုံးမှာ ဘေးဆိုးကပ်ဆိုးတွေ ပျောက်ကင်းစေဖို့နဲ့ မြန်မာနိုင်ငံ အေးချမ်းစေဖို့ ရည်စူးလှူဒါန်း ဆုတောင်းခဲ့ကြပါတယ်။










