
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA) နဲ့ စစ်အာဏာရှင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒေသခံ ၅၀,၀၀၀ နီးပါးဟာ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့အတူ အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ သိရ ပါတယ်။
ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး ရေတပ်စခန်းအနီးနဲ့ စနဲမြို့နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေ ကြောင့် မေ ၁၅ ရက်က ဒေသခံပြည်သူ ၅,၀၀၀ နီးပါးဟာ အဝတ်တထည် ကိုယ်တခုနဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရပါတယ်။
စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲမှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အနီးအနားရှိ ကျေးရွာ ၁၀ ရွာကျော်က ပြည်သူတွေဟာ ဘာမှပြင်ဆင်ချိန်မရဘဲ ထွက်ပြေးခဲ့ကြရတာပါ။
ကျောက်ဖြူစစ်ရှောင်တယောက်က “အခက်အခဲကတော့ မျိုးစုံရှိပါတယ်။ မိုးတွင်းကာလလည်း ဖြစ်နေတာဆိုတော့လေ။ စားဝတ်နေရေးကအစ အမိုးအကာ လုံခြုံမှုတွေထိပေါ့နော်။ အစစ အရာရာပါပဲ။ လက်ရှိမှာတော့ အဆင်ပြေတဲ့ နေရာတွေကိုပဲ ရွှေ့ပြောင်းနေနေကြရတာပါ။ ချက်ချင်းကြီး ပြေးလာရတော့ ဘာမှ ပြင်ဆင်ချိန်မရလိုက်ပါဘူး။ လက်ရှိကတော့ တကိုယ်စာ ခိုလှုံလို့ ရမဲ့ နေရာလေးပေါ့နော်၊ ယာယီတဲတွေထိုးပြီး နေရတာပေါ့” လို့ ပြောပါတယ်။
တိုက်ပွဲတွေကြောင့် ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေထဲမှာ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင် မိခင်တွေ၊ ထိခိုက်ဒဏ်ရာရသူတွေနဲ့ သက်ကြီးရွယ်အိုတွေ အများအပြား ပါဝင်နေတာပါ။
လက်ရှိမှာတော့ စနဲမြို့နားက စစ်ဘေးရှောင်တွေနဲ့ အရင်က ရှိနေပြီးသား စစ်ဘေးရှောင်တွေ ပေါင်းရင် ကျောက်ဖြူနယ်မှာ စစ်ဘေးရှောင် ၅၀,၀၀၀ နီးပါးအထိ ရှိလာနေပြီဖြစ်ပါတယ်။
အဲဒီစစ်ရှောင်တွေထဲမှာ ၃၀,၀၀၀ ကျော်က ကျောက်ဖြူမြို့နယ်ထဲက ဘေးလွတ်ရာမှာပဲ နေထိုင်နေကြပြီး အနီးအနားက ရမ်းဗြဲ၊ တောင်ကုတ်နဲ့ အမ်းမြို့နယ်တွေမှာတော့ တသောင်းခွဲ ကျော်အထိ နေရပ်စွန့်ခွာနေကြရတာပါ။
လက်ရှိမှာ မိုးရာသီကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် စစ်ရှောင်တွေအတွက် အမိုးအကာလုံခြုံမှုနဲ့ ကျန်းမာရေးကိစ္စတွေက အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်နေပါတယ်။
ဒေသတွင်း ကူညီဆောင်ရွက်ပေးနေသူ ကိုဗစ်တာက “လက်ရှိအနေအထားမှာ မိုးကလည်း စရွာနေပြီ။ စားစရာ၊ သောက်စရာတွေကလည်း ကုန်သလောက်တော့ ရှိနေပြီပေါ့နော်။ အာရက္ခ ပြည်သူ့အစိုးရရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးရုံးဘက်ကနေ မြေပြင်မှာ ကူညီနေတဲ့ဟာတွေကတော့ တွေ့ပါတယ်။ ဒါပေမဲ့ သူတို့မှာလည်း တော်တော်လေးကို အကန့်အသတ် ရှိတဲ့ဟာကိုတော့ မြင်ရတယ်ပေါ့နော်။ နေထိုင်ဖို့အတွက် အဆောင်တွေ လိုအပ်တယ်။ နောက်တခုက စားဖို့သောက်ဖို့အတွက် အခြေခံစားသောက်ကုန်ပစ္စည်းတွေကို လိုအပ်တယ်။ မိုးရွာနေတဲ့အတွက်ကြောင့်မို့လို့ ဒီ ချက်ပြုတ်ဖို့အတွက် ထင်း၊ မီးသွေးကအစ အခက်အခဲရှိပါတယ်။ နောက် ကျန်းမာရေးကိစ္စတွေ၊ တပြိုင်နက်တည်း ၅,၀၀၀ လောက်ကို တပတ်အတွင်းမှာ ရွှေ့ရတဲ့အချိန်မှာ ကျန်းမာရေး အခက်အခဲရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ ကလေး တွေ၊ နောက် ဒီ ကိုယ်ဝန်ဆောင်မိခင်တွေပေါ့နော်၊ ဆိုတော့ သူတို့အတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု ကိစ္စရပ်တွေပေါ့နော်။ အဲဒါတွေအကုန်လုံး အရေးတကြီး လိုအပ်နေတာပါ” လို့ ပြောပါတယ်။
အမေရိကန်အစိုးရရဲ့ လူသားချင်းစာနာမှုဆိုင်ရာ မူဝါဒ အပြောင်းအလဲနဲ့အတူ နိုင်ငံတကာ အကူအညီတွေ လျော့ကျသွားတာ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲတွေကြောင့် စစ်ရှောင် ကူညီရေးလုပ်ငန်းတွေမှာ ကြီးမားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။
တဖက်မှာလည်း ကျောက်ဖြူမြို့နယ်ထဲမှာ တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာနေရတဲ့ ပြည်သူတွေ နေ့စဉ် မြင့်တက်လာနေပါတယ်။
ကေခိုင်










