DVB Logo
Home
Lead Story
အလုပ်သမား၊ အလုပ်ရှင်နှင့် ရင်းနှီးမြှုပ်နှံမှု
DVB
·
March 15, 2018
အလုပ်သမား၊ အလုပ်ရှင်နှင့် ရင်းနှီးမြှုပ်နှံမှု
Donate to DVB

အခြေခံ အလုပ်သမားများအတွက် တနေ့အလုပ်ချိန် ၈ နာရီကို  ၄၈၀၀ ကျပ် အစိုးရက သတ်မှတ်လိုက်ပါတယ်။ လက်ရှိ ကုန်ထုတ်လုပ်မှု အခြေအနေရ ၃၆၀၀ ကျပ်သာ ဆက်သတ်မှတ်ပေးဖို့ အလုပ်ရှင်အချို့က တောင်းဆိုခဲ့ကြသလို အလုပ်သမား အခွင့်အရေး တောင်းဆိုသူများကလည်း ၅၆၀၀ ကျပ် အနည်းဆုံးသတ်မှတ်ပေးဖိ့ု တောင်းဆိုခဲ့ကြပါတယ်။ တနာရီ ၆၀၀ ကျပ်နှုန်းနဲ့ ၈ နာရီ ၄၈၀၀ ကျပ်က လက်ရှိအနေအထားအရ မနည်းမများလို့ မြန်မာ့အရေး လေ့လာသူများကလည်း သုံးသပ် ပြောဆိုကြပါတယ်။

အိမ်နီးနားချင်း ထိုင်းနိုင်ငံက ပြည်ပအလုပ်သမားတယောက်ကို အလုပ်ချိန် ၈ နာရီဆို ၃၀၄ ဘတ် (မြန်မာကျပ် ၁၂၀၀၀ ကျော်) ပေးနေချိန်မှာ လက်ရှိ မြန်မာပြည်ပေးတဲ့နှုန်းက နည်းနေပါသေးတယ်။ ဒါပေမယ့် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများက ဒလဟော ဝင်ရောက်လုပ်ကိုင်ခြင်း မရှိကြသေးတော့ ယခင်လုပ်ငန်းရှင်များနဲ့ အသစ်စတင်လုပ်ကိုင်မယ့် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ထိုက်သင့်သလို လည်ပတ်နေကြရတဲ့ အချိန်အတိုင်းအတာ တခုပါ။

ဦးသိန်းစိန် အစိုးရလက်ထက်က နိုင်ငံသားရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အက်ဥပဒေနှစ်ခုကို အန်အယ်လ်ဒီအစိုးရလက်ထက်မှာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် ပြဋ္ဌာန်းခဲ့ပါတယ်။ ၂၀၁၇ နှစ်ကုန်ခါနီးမှာပဲ နည်းဥပဒေ ထွက်လာနိုင်ခဲ့တာက နိုင်ငံစီးပွားရေးရဲ့ တိုးတက်မှု ပြယုဂ်ပါပဲ။ သို့သော် စီပွားရေးပညာရှင်အချို့က ဦးသိန်းစိန် လက်ထက်ကလောက် စီးပွားရေးတိုးတက်မှု နှေးတယ်လို့ ဆိုကြပါတယ်။ ကျနော့်အနေနဲ့ကတော့ မိတ်ဆွေတဦး ပြောသလို စစ်အစိုးရခေတ်ကနေ ဦးသိန်းစိန် အစိုးရ လက်ထက်အထိ ဌာနဆိုင်ရာနဲ့ ပေါင်းသင်း လုပ်ကိုင်စားသောက်သူတွေ အခုမှ မျက်နှာဖုံး ကွာကျတာလို့ ဆိုချင်ပါတယ်။

၂၀၁၇-၂၀၁၈ ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၆ ဘီလီယံကျော် ရှိတဲ့အတွက် ယခင်နှစ်ထက် ၄ ဘီလီယံ ပိုများပါတယ်။ ဒီအထဲမှာမှ ပုဂ္ဂလိက ကုန်သွယ်မှုကဏ္ဍက ၂၃ ဒသမ ၆ ဘီလီယံ ရှိတဲ့အတွက် ၁၇ ရာခိုင်နှုန်းသာ အစိုးရကုန်သွယ်မှု ဖြစ်ပါတယ်။ ပြင်သစ်အခြေစိုက် စီးပွားရေးလေ့လာသူများအဖွဲ့ကတော့ မြန်မာပြည်က အဆင့် ၇ ကနေ အဆင့် ၆ အထိ တိုးတက်လာပြီလို့ သုံးသပ် ပြောဆိုကြပါတယ်။

သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မြန်မာပြည်မှာ ယနေ့အထိ အဆင်သင့်မဖြစ်သေးတာကို လေ့လာတွေ့ရှိရပါတယ်။ လိုအပ်နေတာကတော့ လျှပ်စစ်မီး၊ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အဦ စတဲ့အချက်တွေ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ထဲက မြန်မာနိုင်ငံမှာ စက်ရုံတည်ထောင်ဖို့ အစိုးရနဲ့ သဘောတူ လေ့လာခဲ့တဲ့ ဆမ်ဆောင်းကုမ္ပဏီကြီးက ယခုနှစ်မှာပဲ အဆိုပါ အချက်အလက်တွေ မပြည့်စုံသေးတာကြောင့် စီမံကိန်းဖျက်သိမ်းလိုက်ပါတယ်။ ပြည်သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းကတော့ ကြီးမားသော ဆုံးရှုံးမှုကြီးတခုလို့ ဆိုချင်ပါတယ်။

လက်ရှိအနေထားမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံး ဖြစ်နိုင်ခြေကတော့ SME (Small Medium Enterprise) အသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်မှုပဲ ဖြစ်ပါတယ်။ ပြည်ပလုပ်ငန်းရှင်များကလည်း ဒီ အသေးစား အလတ်စား လုပ်ငန်းများအပေါ် အခြေခံပြီးတော့ လေ့လာစောင့်ကြည့် ဝင်လာကြမှာပါ။ အစိုးရအနေနဲ့လည်း ဒီလုပ်ငန်းများအပေါ် အားပေးကူညီ ရင်းနှီးမြှုပ်နှံရပါမယ်။ ဒီအရွေ့ တွန်းအားတခုမှာ အစိုးရအနေနဲ့ ရှုံးကောင်းရှုံးနိုင်ပေမယ့် နောက် ရေရှည် လုပ်ငန်းအောင်မြင်မှု များလာလေလေ အကြီးစား ရင်းနှီးမြှုပ်နှံမှုများအတွက် ဖိတ်ခေါ်ပြီးသား ဖြစ်သွားမှာပါ။ ဂျပန် JICA ချေးတဲ့ SME အတွက် ချေးငွေများက စီမံကိန်းအဆင့် ၁ မှာ မြန်မာငွေ ၆ ဒသမ ၆၅၄ ဘီလီယံ အသေးစား အလတ်စား လုပ်ငန်း ၂၉၂ နှစ်ခု ချေးပေးနိုင်ခဲ့ပါတယ်။ မှတ်ပုံတင်ပြီးသား SME လုပ်ငန်း တနိုင်ငံလုံး အတိုင်းအတာအနေနဲ့ ခြောက်သောင်းကျော် ရှိတဲ့အတွက် အချိုးအစားအရ အင်မတန် နည်းနေပါသေးတယ်။ ယခု စီမံကိန်းအဆင့် ၂ အနေနဲ့ ကျပ် ၁၈၀ ဘီလီယံ ချေးပေးမှာ ဖြစ်တဲ့အတွက် ပထမအကြိမ်ထက်စာရင် SME လုပ်ငန်းရှင်များ လုပ်ငန်း ပိုမိုလည်ပတ်နိုင်လာမယ်လို့ ထင်ပါတယ်။ အစိုးရကလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို ဒီထက်မက ထပ်မံကူညီဆောင်ရွက်ပေးမယ်ဆို ပြည်တွင်းမှာရှိတဲ့ ပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးမှုနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုတို့ကို စောင့်မျှော် ကြည့်ရှုနေကြတဲ့အထဲမှာ ပြည်ပရောက် မြန်မာများစွာ ပါဝင်ကြပါတယ်။ မလေးရှား၊ စင်ကာပူလောက်အထိကို အသာထား၊ ထိုင်းမှာ လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမား အများစုက ကိုယ့်ပြည်တွင်း အခြေအနေကို အဓိက လေ့လာအကဲခတ်ကြတယ်။ ယခုဆို ထိုင်းကို တရားဝင် အလုပ်သွားလုပ်ကြဖို့ အေးဂျင့်ခ မြန်မာပြည်မှာကိုပဲ ၅ သိန်းနဲ့ ၈ သိန်းကြား ရှိပါတယ်။

အချိန်ပိုမရှိ တနေ့အလုပ်ချိန် ၈ နာရီ ၃၀၄ ဘတ်နဲ့ အဆောင်နေစရာ ပေးပေမယ့် ရေဖိုး၊ မီးဖိုး ဖြတ်တာတွေကြောင့် တလ ကျပ်  ၂ သိန်းကျန်အောင် မနည်းစုရသူတွေ ရှိသလို အချိန်ပို OT များတဲ့ စက်ရုံကြီးအချို့မှာဆို မြန်မာငွေ ၇ သိန်းနီးပါး ရကြပါတယ်။ ဒါပေမယ့်လည်း ထိုင်းအစိုးရရဲ့ အလုပ်သမား မူဝါဒ မကြာခဏ ပြောင်းလဲမှုများ၊ အလုပ်ရှင်နဲ့ ပွဲစားအချို့ ခေါင်းပုံဖြတ်မှုကြောင့် မြန်မာအလုပ်သမားတွေ အခုထိ ဖိနှိပ်ခံနေရပါသေးတယ်။

နှစ်နိုင်ငံ အလုပ်ရှင် အလုပ်သမား MOU နဲ့ ခေါ်ယူကြပေမယ့် နိုင်ငံကူးလက်မှတ်၊ ဗီဇာ ပန်းရောင်ကတ်၊ ဝါ့ခ်ပါမစ် CI စတဲ့ ထိုင်းရောက် မြန်မာအလုပ်သမား လိုအပ်ချက်တွေ သက်တမ်းတိုးသည်ဖြစ်စေ၊ အသစ်လုပ်သည်ဖြစ်စေ ကျသင့်ငွေ တရားဝင် ဘတ် ၁၀၀၀ ဆို ၇၀၀၀ လောက်ကို သူဌေးကတဆင့် ပွဲစားနဲ့ ညှိစားနေကြတာတွေ ရှိနေပါတယ်။

မြန်မာပြည်မှာ အစိုးရက ယနေ့ ၄၈၀၀ သတ်မှတ်လိုက်တော့ အလုပ်ရှင်တချို့က အသံမျိုးစုံ ထွက်လာကြပါတယ်။ “လုပ်ငန်းက တအားကြီး ကောင်းနေလို့တော့ မဟုတ်ပါဘူး။ ၄၈၀၀ စကေးက ကျမတို့အနေနဲ့ ပေးနိုင်ပါတယ်။ အခြား အချိန်ပို OT ကြေး၊ ရက်မှန်ကြေး၊ အလုပ်ကျွမ်းကျင်မှု စတာတွေ စုစုပေါင်းရင် သာမန်အခြေခံ အလုပ်သမား တယောက်က ၂ သိန်းကျော်လောက်ရမှ စားဝတ်နေရေး အဆင်ပြေမယ်ဆိုတာ ကိုယ်ချင်းစာပါတယ်။ အဲဒီလိုပဲ ကျမတို့ အလုပ်ရှင်ဘက်ကလည်း အစိုးရကို တောင်းဆိုချင်ပါတယ်။ အလုပ်ရှင်နဲ့ အလုပ်သမား ကတိစာချုပ်ပါ။ ကျမတို့ အထည်ချုပ်စက်ရုံတွေမှာ ကြုံတွေ့ရတာကတော့ အလုပ်သမား အလုပ်ထွက်တဲ့ ပြဿနာပါ။ တနှစ် စာချုပ်ထားပေမယ့်လည်း သူတို့က မနေကြပါဘူး။ ကျမတို့ဆီမှာ လူမှုဖူလုံရေးကတ် လေဘာကတ်တွေ ကျန်နေလို့ အခြားစက်ရုံ သွားလုပ်လို့မရဘူး မထင်ပါနဲ့။ အဲဒီကတ်တွေ ထုတ်ပေးနေတဲ့ ဌာနတွေက ဒီလူကို ထုတ်ပေးပြီးပြီလား၊ ပြန်မစစ်ဆေးဘဲ ကြိုက်သလောက် ကတ်ထုတ်ပေးနေတော့ ဟိုစက်ရုံခုန်၊ ဒီစက်ရုံကူး အလုပ်သမား မမြဲတာကြောင့် ကျမတို့ အထည်ချုပ်စက်ရုံတွေ အခက်တွေ့နေရပါတယ်” လို့ ရွှေပြည်သာ SSS အထည်ချုပ်စက်ရုံပိုင်ရှင် ဒေါ်နှင်းသက်မွန်က ပြောပါတယ်။

မြန်မာပြည်ရဲ့ အထည်ချုပ်လုပ်ငန်းက အာရှနိုင်ငံတွေတင်မက ဥရောပနိုင်ငံများအထိပါ အကြိုက်တွေ့လာတဲ့ ဈေးကွက်တခု ဖြစ်လာပါတယ်။

ကျနော် အင်္ဂလန်က လီဗာပူး အန်ဖီးလ် အားကစားကွင်းကို အလည်ရောက်တော့ အားကစားဝတ်စုံတထည်ကို သဘောကျလို့ ကြည့်မိတော့ ပေါင် ၆၀ (မြန်မာငွေ တသိန်းနီးပါး) လောက်ကျတာနဲ့ အသာလေးပြန်ထားလိုက်တယ်။ အဲမှာ ကျနော် အမှတ်မထင် သွားတွေ့မိလိုက်တယ်။ အဲဒီအားကစားအင်္ကျီ ဘယ်နိုင်ငံကထုတ်တာလဲ ကြည့်လိုက်တော့ Made in Myanmar လို့ ရေးထားပါတယ်။ ဒါနဲ့ စတိုးဆိုင်အားလုံးရဲ့ အင်္ကျီကော်လာနောက်တွေကို လိုက်လှန်ကြည့်တော့ မြန်မာ၊ ထိုင်ဝမ်နဲ့ တရုတ် သုံးနိုင်ငံ ထုတ်လုပ်တာ တွေ့ရပါတယ်။ ကျနော် မြန်မာပြည်ပြန်ရောက်လို့ သေချာလေ့လာကြည့်တော့ အော်ဒါမှာနေတာက အင်္ဂလန်က တိုက်ရိုက်မဟုတ်ပါဘူး။ ပွဲစား အဆင့်ဆင့်နဲ့ ချုပ်ခအနည်းငယ်သာပေးရတဲ့ မြန်မာပြည်အထည်ချုပ်စက်ရုံများက ချုပ်လုပ်ပေးနေရတာပါ။ အဲတော့ ကျနော်တို့နိုင်ငံ အထည်ချုပ်လုပ်ငန်းက လက်ရာကောင်း သေသပ်တယ်။ သို့သော် တိုက်ရိုက် မချိတ်မိကြသေးပါဘူး။ ဒါဟာလည်း အစိုးရဘက်ပိုင်းက ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီဆောင်ရွက်ပေးရမယ့် အချက်တခုပါပဲ။

တနေ့လုပ်အားခ ၄၈၀၀ ကျပ်က အခြေခံအများစုအလိုက် သတ်မှတ်ကြပေမယ့် သာမန် လက်ဖက်ရည်ဆိုင်က စားပွဲထိုးလိုမျိုးဆို စရိတ်ငြိမ်းမို့ ဒီလောက် ငွေကြေးပေးနိုင်ဖို့ အဆင်မပြေပါဘူး။ ထို့အတူ ကောက်စိုက်သမတဦးရဲ့ တနေ့လုပ်အားခက ၂၀၁၇ ခုနှစ်ကတည်းက ၅၀၀၀ ကျပ်ဖြစ်နေပြီး ပျိုးနှုတ်သူ ယောကျ်ားသားတယောက်ဆို တနေ့ကို ၈၀၀၀ ဝန်းကျင် ရပါတယ်။ ဒါပေမယ့် နေ့စဉ်ဝင်ငွေလားဆိုတော့ မဟုတ်ပါဘူး။ ရာသီအလိုက် သီးနှံပေါ်ချိန် လုပ်ကိုင်စားနေရတာပါ။

အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူ ဒေါ်သက်သက်အောင်ကတော့ "၄၈၀၀ ကျပ်က အလုပ်သမားတွေက ယနေ့ ငွေကြေးဖောင်းပွမှုနဲ့ဆို အဆင်မပြေဘူး။ ၅၆၀၀ ထက်မနည်းသော နှုန်းထားပေးဖို့ ဆက်လက်တောင်းဆိုသွားမယ်" လို့ ပြောပါတယ်။ သို့သော်  ယခုလို လုပ်ခလစာတွေ တိုးနေပေမယ့် အလုပ်အကိုင် အခွင့်အလမ်း နည်းနေသေးတာကြောင့် ယခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ နှစ်လအတွင်းကိုပဲ ထိုင်းကို အလုပ်သွားလုပ်သူ သုံးသောင်းကျော်ထိ ရှိနေပါတယ်လို့ ထိုင်းရောက် မြန်မာအလုပ်သမားအရေး လေ့လာသုံးသပ်သူများက ဆိုပါတယ်။

ပြည်တွင်းစစ်ဒဏ်များကြောင့် ထွက်ပြေးတိမ်းရှောင် နေရပ်စွန့်ခွာသူတွေနဲ့ အညာဒေသက ကောက်ပဲသီးနှံ ဈေးမရရှိမှု ရာသီဥတုဒဏ်ကြောင့် အခင်းပျက်စီးကုန်ကြလို့ အကြွေးတင် ထွက်လာကြသူတွေ များပါတယ်။

ဒါကြောင့် လက်ရှိ အန်အယ်လ်ဒီအစိုးရအနေနဲ့ အလုပ်ရှင် အလုပ်သမားများကြား ပြဿနာအရပ်ရပ်နှင့် အခကြေးငွေများ သတ်မှတ်ဆောင်ရွက်ပေးနေသလို အသေးစား အလတ်စား ရင်းနှီးမြှုပ်နှံမှုများကို ဒီထက်မက ကူညီချိတ်ဆက် ဆောင်ရွက်ပေးသင့်ပါတယ်။ တပ်မတော်နဲ့အတူ လက်နက်ကိုင်အဖွဲ့အစည်းများကလည်း လက်နက်ရှိလို့ အပြန်အလှန် တိုက်နေကြပေမယ့် ကျွဲနှစ်ကောင်ကြား မြေစာပင် စစ်ဒဏ်ခံရသူများရဲ့ မိသားစု စားဝတ်နေရေးကို ပြန်လည်ငဲ့ကြည့်သင့်ပါပြီ။ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှုက ပြည်သူချည်း သွားလို့မရပါဘူး။ အစိုးရကလည်း ရှေ့ကပြေးနိုင်မှ တော်ကာကျမှာပါ။ ထို့အတူ ယနေ့ မြန်မာပြည်ကြီးက ဝုန်းဒိုင်းကြီး မတိုးတက်သွားနိုင်သလို ဒုန်း ဒုန်း ဒိုင်း ဒိုင်းတွေ ရပ်စဲမှလည်း အလျင်အမြန် တိုးတက်နိုင်မယ်လို့ သုံးသပ်မြင်မိပါတယ်။

ဗိုလ်သူရိန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013