
ထိုင်းနိုင်ငံရဲ့ ထောက်ခံကူညီမှုနဲ့ အာဆီယံအဖွဲ့အတွင်း နဂိုပုံမှန်အတိုင်း ပြန်လည်ပါဝင် လှုပ်ရှားနိုင်ဖို့ အတွက် အာဆီယံနိုင်ငံတွေကို စစ်အာဏာရှင်ခန့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဒေါ်ခိုင်ခိုင်စိုးက ထိုင်းခရီးစဉ်အပြီးမှာ ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မြန်မာနိုင်ငံနဲ့ နယ်နိမိတ်ချင်း ရှည်လျားစွာ ထိစပ်နေတာကြောင့် မြန်မာနိုင်ငံရဲ့ စိန်ခေါ်မှု တွေနဲ့ အခက်အခဲတွေကို နားလည်ပြီး အာဆီယံအတွင်း ပုံမှန်အတိုင်း ပြန်ပါဝင်နိုင်ရေးအတွက် အပြည့်အဝ ထောက်ခံကူညီသွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေနဲ့ အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုတွေကို မြှင့်တင်ချင် တာကြောင့် လာအိုနဲ့ ထိုင်းနိုင်ငံတို့ဆီ ပထမနဲ့ ဒုတိယခရီးစဉ်တွေအဖြစ် သွားရောက်ခဲ့တာဖြစ်ပြီး တခြားအာဆီယံနိုင်ငံတွေကိုလည်း ဆက်လက်သွားဖို့ရှိတယ်လို့ ပြောပါတယ်။
စစ်အာဏာရှင် မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်ကို မြန်မာနဲ့ ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူတွေ၊ ထိုင်းကျောင်းကျောင်းသားအဖွဲ့တွေ၊ တဦးချင်းကန့်ကွက်မှုတွေစတဲ့ ပုံစံမျိုးစုံနဲ့ ကန့်ကွက်ရှုတ်ချ ခဲ့ကြပေမဲ့ စစ်အာဏာရှင်အစိုးရဘက်ကတော့ ဒီခရီးစဉ်ဟာအောင််မြင်တယ်လို့ ပုံဖော်ထားပါတယ်။
ဒီခရီးစဉ်ဟာ အာဆီယံအသိုက်အဝန်း တည်ဆောက်ရေးနဲ့ ပုံမှန်ပြန်လည်ပါဝင်ရေးအတွက် အများကြီး အထောက်အကူပြုတယ်လို့လည်း စစ်အာဏာရှင်ပြောခွင့်ရ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။










