
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တောင်ပိုင်းရှိ ခမရ- ၅၃၉ တပ်ရင်းနဲ့ အမတ-၃၇၇ တပ်ရင်း တွေက တိုက်ပွဲအတွင်း ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေကို မတ် ၁၄ ရက်က ပြန်လွှတ် ပေးလိုက်တယ်လို့ အာရက္ခတပ်တော် (AA)က ရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
အခုလွှတ်ပေးတဲ့ စစ်သုံ့ပန်း မိသားစုဝင်တွေဟာ ၂၀၂၄ ဇန်နဝါရီလအတွင်းက အာရက္ခတပ်တော်ထံ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေအဖြစ် ဖမ်းဆီးခံခဲ့ကြရတာဖြစ်ပြီး ကျောက်တော်မြို့နယ် ချောင်းတူ ကျေးရွာအနီးရှိ အကျဉ်းထောင်တွေမှာ ထိန်းသိမ်းခံထားကြရသူတွေလည်း ဖြစ်ပါတယ်။
အခုပြန်လည်လွတ်မြောက်လာကြတဲ့သူတွေ ထိန်းသိမ်းထားတဲ့ အကျဉ်းစခန်းကို စစ်ကောင်စီက ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေတုန်းက လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၀ ယောက်သေဆုံးခဲ့ပြီး ၃၁ ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ AA က ထုတ်ပြန် ပါတယ်။
စစ်သုံ့ပန်းမိသားစုဝင်တွေအဖြစ် ဖမ်းဆီးထိန်းသိမ်းခံထားရစဉ်မှာ အာရက္ခတပ်တော်ရဲ့ကူညီ စောင့်ရှောက်ထားမှုတွေကို အထူးကျေးဇူးတင်ရှိတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့အမတ-၃၇၇ ရဲ့ တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီး ကျော်စွာအောင်ရဲ့ဇနီး ဒေါ်သဇင်ချိုက ပြောပါတယ်။
“ကျမတို့ အားလုံးမျှော်လင့်ထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ အခမ်းအနားကို ဖြစ်မြောက်အောင် အခက်ခဲတွေကြားထဲက လုပ်ပေးခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ တာဝန်ရှိတဲ့သူတွေနဲ့ မိသားစုဝင်တွေကို ကျေးဇူးအထူးတင်တယ်လို့ ပြောချင်ပါတယ်။ ကျမတို့ အာရက္ခတပ်တော်ရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်း ကို ၂ နှစ်တာကာလ ဖြတ်သန်းခဲ့ကြပြီ။ အဲဒီ ၂ နှစ်တာကာလမှာ ကျမတို့ မိသားစုဝင်တွေ အားလုံးကို မှဲ့လေးတပေါက်မစွန်းအောင် ရန်သူလို့ သဘောမထားဘဲနဲ့ ကိုယ်ရဲ့ မိသားစုဝင်တွေလိုမျိုး အကျဉ်းသားလို မဆက်ဆံဘဲ မိသားစုဝင် ညီကို မောင်နှမတွေလို၊ လူသားချင်းစာနာပြီး ဆက်ဆံပေး ခဲ့တဲ့ အာရက္ခတပ်တော်ရဲ့ တာဝန်ရှိသူတွေနဲ့ မိသားစုဝင်တွေ အားလုံးကို ကျေးဇူးတင်တယ်။”
အာရက္ခတပ်တော်ဟာ ၂၀၂၄ ခုနှစ်ကတည်းက စစ်ကောင်စီထိန်းချုပ်မှုအောက်မှ လွတ်မြောက် သွားတဲ့ ဒေသတွေက စစ်သုံ့ပန်းမိသားစုဝင်တွေကို အသုတ်လိုက် လွှတ်ပေးနေပြီး အခုအကြိမ် အပါအဝင် ၈ ကြိမ်လောက်ရှိလာပြီ ဖြစ်ပါတယ်။
အခုလွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်း မိသားစုဝင်အရေအတွက်ကို AA က တရားဝင်ထုတ်ပြန်ထာတာ မရှိပေမဲ့ ချောင်းတူအကျဉ်းစခန်းမှာ ထိန်းသိမ်းခံထားရတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၁၀၀ ကျော် ရှိနိုင်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြရပေမဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ် ကြောင့် မျှော်လင့်ချက်တွေ သေဆုံးခဲ့ရသလို အခုမျှော်လင့်ချက်တွေ တဖန်ပြန်လည် ပြည့်ဝလာ ခဲ့ပြီလို့ လွတ်မြောက်လာသူ စစ်သုံ့ပန်းမိသားစုဝင် ဒေါ်နန္ဒာလင်းက ပြောပါတယ်။
“ကျမတိုက တနေ့ တို့ပြန်ရမှာပဲဆိုတဲ့ မျော်လင့်ချက်နဲ့ မိသားစုဝင်တွေဟာ အသက်ရှင် နေကြရတာပါပဲ။ အဲဒီလို အသက်ရှင်နေစဉ်မှာ ကျမတို့အတွက် အိမ်မက်ဆိုးကြီးတခုက ကျရောက် လာခဲ့တဲ့ပေါ့။ အဲဒီ အိမ်မက်ဆိုးကြီးဟာ ၂၀၂၆ ၁ လပိုင်း ၂၀ ရက်နေ့မှာ ကျမတို့ကို လေကြောင်း ကနေ ၂ ကြိမ်တိတိ တိုက်ခိုက်ခဲ့တာပေါ့။ အဲဒီလို တိုက်ခိုက်ခဲ့တဲ့အတွက် ကျမတို့မှာ ပြန်ရတော့မယ် ဆိုတဲ့ မျှော်လင့်ချက်တွေ သေဆုံးခဲ့ရပါတယ်။ အခုတော့ သေဆုံးခဲ့ရတဲ့ အခြေအနေမှာ ကျမတို့ရဲ့ အိမ်မက်တွေကို ပြန်ဖော်ပေးခဲ့တဲ့ အာရက္ခတပ်တော်ကို အားလုံးမိသားစုတွေရဲ့ကိုယ်စား ကျေးဇူးတင် ပါတယ်။”
အာရက္ခတပ်တော်ဟာ တိုက်ပွဲအတွင်းမှာ ဖမ်းဆီးရမိခဲ့တဲ့ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပလက်ဝ၊ ဘူးသီးတောင်၊ မောင်တောအပါဝင် မြို့နယ်အများစုက စစ်သုံ့ပန်း မိသားစုဝင် ၂၀၀၀ ကျော်အထိ လွတ်ငြိမ်ချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုနဲ့ ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက် ထိန်းချုပ်ထားပြီး အဲဒီမြို့သိမ်းတိုက်ပွဲတွေမှာ စစ်သုံ့ပန်းနဲ့ မိသားစုဝင် ထောင်နဲ့ချီပြီး ဖမ်းဆီးရမိ ထားပါတယ်။
ဖမ်းဆီးခံထားရတဲ့ စစ်သုံ့ပန်းနဲ့ မိသားစုဝင်တွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် စစ်သုံ့ပန်းနဲ့ မိသားစုဝင် သေဆုံးသူ ၂၃၀ ကျော်အထိ သေဆုံး ခဲ့ရတယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်။










