DVB Logo
Home
မြန်မာသတင်း
လက်ပံတောင်း ကြေးနီစီမံကိန်း SME လုပ်ငန်းများကို တိုင်းလွှတ်တော်ရေးရာကော်မတီ စစ်ဆေး
DVB
·
March 12, 2018
လက်ပံတောင်း ကြေးနီစီမံကိန်း SME လုပ်ငန်းများကို တိုင်းလွှတ်တော်ရေးရာကော်မတီ စစ်ဆေး
Donate to DVB

အနံ့ဆိုးတွေ ထွက်နေတယ်ဆိုပြီး ဒေသခံတွေ တင်ပြထားတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းက SME လုပ်ငန်းတွေကို တိုင်းလွှတ်တော်ရေးရာကော်မတီက ရှောင်တခင် စစ်ဆေးခဲ့ပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက ဦးဆောင်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စည်ပင်သာယာရေး၊ သတ္တုတွင်းဦးစီးဌာန၊ တိုင်းထွေအုပ် စတဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့က မတ်လ ၁၀ ရက်နေ့မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်းက SME လုပ်ငန်းတွေကို ရှောင်တခင် သွားရောက်စစ်ဆေးခဲ့တာပါ။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွင်း SME လုပ်ကိုင်နေတဲ့ လုပ်ငန်းခွင်တွေကနေ အနံ့ဆိုးတွေ နေ့ရောညပါ ခံစားနေကြရတာကြောင့် ကြေးနီစီမံကိန်းအနီးက မင်္ဂလာကျော်ရွာ ကျေးရွာဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေဆီကနေ သဘောထား မှတ်ချက် ကောက်ယူခဲ့ပြီး စုစုပေါင်း ၄၆၀ က လက်မှတ်ရေးထိုးကာ လွှတ်တော်ရေးရာကော်မတီကို တင်ပြခဲ့တာကြောင့် သွားရောက်စစ်ဆေးခဲ့တာလို့ သိရပါတယ်။

“ကြက်မွေးမြူရေးခြံက ခေတ်မီစနစ်တကျပေါ့၊ အဲကွန်းတွေ ဘာတွေနဲ့ လုပ်ထားတယ်။ သို့သော်လည်း ကြက်ခြံကထွက်တဲ့ ကြက်ချေးတွေကို သြဂဲနစ်ဓာတ်မြေသြဇာ လုပ်တယ်။ အဲဒီလိုလုပ်တဲ့နေရာမှာ ကြက်ချေး ၅ ဆ၊ ဖွဲကြမ်း ၁ ဆဆိုပြီး ပေါင်းအိုးကြီးထဲထည့်ပေါင်းတယ်။ အဲဒီကထွက်တဲ့ အရည်တွေက အနံ့က တော်တော်ဆိုးတယ်။ အရည်ကန်က ၃ ကန်ရှိတယ်။ ဖုံးတော့ဖုံးထားတယ်။ အဲဒီနေရာက အနံ့ဆိုးတွေ တအားထွက်တယ်။ ညဆိုရင် ရွာကလူတွေက မခံမရပ်နိုင်အောင် နံတယ်။ ဒါက ကွင်းဆင်းစစ်ဆေးတာမှာ တွေ့ခဲ့ရတဲ့အချက်ပေါ့" လို့ လွှတ်တော်ရေးရာကော်မတီအတွင်းရေးမှူး ဦးစောမောင်က ဒီဗွီဘီကို ပြောပါတယ်။

ဒီကြက်ခြံက ဝမ်ပေါင်က လုပ်တာမဟုတ်ဘဲ ကုမ္ပဏီအနေနဲ့ ဒေသခံတွေအတွက် SME လုပ်ငန်းအတွက်ပေးတာဖြစ်ပြီး အဲဒီနေရာက ဝက်မှေးရွာက ရွာသားတယောက်ပိုင်တာ ဖြစ်ပြီး အဲဒီမြေက ကုမ္ပဏီက ပြန်လည်စွန့်လွှတ်ထားတဲ့မြေလို့လည်း သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက အရင်းအနှီး စိုက်ထုတ်ပေးပြီး ဦးဇော်မင်းထွန်းဆိုတဲ့သူ နာမည်နဲ့ ဒေသခံ ဝက်မှေးရွာသူ ရွာသားတွေကို အလုပ်အကိုင်ရအောင် ဖန်တီးပေးထားပါတယ်ဆိုပြီး ကုမ္ပဏီဘက်က ပြောတာတော့ ရှိတယ်လို့လည်း ဆိုပါတယ်။

အခုလို ရှောင်တခင် စစ်ဆေးတွေ့ရှိချက်တွေနဲ့ပတ်သက်ပြီး လွှတ်တော်၊ အစိုးရတို့ကို တင်ပြသွားဖို့ရှိပြီး လောလောဆယ်မှာတော့ ဆက်မလုပ်ဖို့ တားမြစ်ထားတယ်လို့ ဆိုပါတယ်။

"စစ်ဆေးတွေ့ရှိချက်တွေကိုတော့ ကော်မတီအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌကြီးထံကို အစီရင်ခံစာတင်ပြီး လမ်းညွှန်မှု ထပ်တောင်းမယ်။ ဥက္ကဋ္ဌကြီးရဲ့ လမ်းညွှန်ချက်အတိုင်း အစိုးရ ဌာနဆိုင်ရာနဲ့ ပူးပေါင်းပြီး လုပ်ဆောင်သွားဖို့ အစီအစဉ်ရှိတယ်" လို့လည်း ရေးရာကော်မတီ အတွင်းရေးမှူးက ပြောပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဒေသခံတွေ တောင်းဆိုတာကို ကော်မတီအနေနဲ့ အတတ်နိုင်ဆုံး လုပ်ဆောင်ပေးသွားမယ်လို့လည်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013