DVB Logo
Home
မြန်မာသတင်း
ပူတာအိုတွင် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ဈေး မြင့်တက်၊ ဒေသခံများ အခက်ကြုံ
DVB
·
March 9, 2018
ပူတာအိုတွင် လောင်စာဆီနှင့် အခြေခံစားသောက်ကုန်ဈေး မြင့်တက်၊ ဒေသခံများ အခက်ကြုံ
Donate to DVB

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်မှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် လောင်စာဆီနဲ့ အခြေခံစားသောက်ကုန်တွေ ဈေးမြင့်တက်နေတဲ့အတွက် ဒေသခံတွေ အခက်အခဲ ဖြစ်နေရတယ်လို့ ပူတာအိုမြို့ခံ ရဝမ်စာပေယဉ်ကျေးမှုဥက္ကဋ္ဌ ဦးမေးယောရှုက ပြောပါတယ်။

အရင်က ဓာတ်ဆီ တပုလင်း (တလီတာ)ကို ၁၀၀၀ ကျပ်၊ တဂါလန်ကို ၄၅၀၀ ကျပ်သာ ပေးဆောင်ရာကနေ အခု ဓာတ်ဆီတပုလင်းကို ကျပ် ၁၂၀၀၀ ပေးဆောင်နေရသလို ဝယ်ချင်တိုင်းလည်း ဝယ်လို့မရတဲ့ အနေအထား ရှိနေတယ်လို့ ဦးမေးယောရှုက ပြောပါတယ်။

“ကျနော် မနက်က ဓာတ်ဆီသွားရှာတာ ၂ ပုလင်းပဲ ရတယ်။ တပုလင်းကို ၁၂၀၀၀ ကျပ်၊ အဲလောက်နဲ့ ဝယ်ခဲ့တာ။ မနေ့တနေ့အထိက ၈၀၀၀ ကျပ်ရှိတယ်။ အခုက ၁ သောင်းကျော်နဲ့ ရှာရမယ့် နေရာမရှိတော့ဘူး။ အဲဒါတောင် သိပ်ပြီး ရင်းနှီးတဲ့လူမှ ရတာ။ ရောင်းတဲ့နေရာကို မရှိတာ။”

ဒီလိုလောင်စာဆီတွေ ဈေးအဆမတန် မြင့်တက်မှုကြောင့် ဒေသခံတွေအနေနဲ့ သွားလာရမယ့် ကိစ္စတွေကို ရပ်လိုက်တယ်လို့ ဆိုပါတယ်။

“အခု ဒီမှာကတော့ ဟိုဘက် ဒီဘက် သွားတာက ဆိုင်ကယ်ရယ်၊ သုံးဘီးရယ်ပဲ သွားနေကြတာ။ အခုက သုံးဘီးလည်း သွားလို့ မရတော့ဘူး၊ ဆိုင်ကယ်လည်း သွားလို့ မရတဲ့အခါကျတော့ ဒီဘာသာရေးနဲ့ဆိုင်တဲ့ အစည်းအဝေးတွေ အားလုံး ရပ်နားထားရတယ်။ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အလုပ်တွေအားလုံး ရပ်ဆိုင်းကုန်တာပေါ့။ နောက်တမျိုးကတော့ ဒီမှာ ညဘက်ကျတော့ ခိုးတဲ့ဟာတွေ၊ လုယက်တဲ့ဟာတွေကော ရှိလာတယ်။ ”

ဒါ့အပြင် အရင်က ဆန်တထောင်ဖိုး ဝယ်ယူရင် နို့ဆီဘူး ၇ ဘူး ရရာကနေ အခု ၃ ဘူးသာ ရရှိကြောင်းနဲ့ အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ စားဆီ၊ ကြက်သွန်၊ ခရမ်းချဉ်သီး၊ အာလူး အစရှိတဲ့ ကုန်ပစ္စည်းတွေလည်း ဈေးမြင့်တက်ကုန်တယ်လို့လည်း ပြောပါတယ်။

ဒီလို ဈေးမြင့်တက်ရတာဟာ လွန်ခဲ့တဲ့ ၁ လလောက်က အစိုးရ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် တံတားတွေ ဖျက်ဆီးခံခဲ့ရတာကြောင့် အခုလို ကုန်ဈေးနှုန်း မြင့်တက်မှု ကြုံတွေ့နေရတာလို့ ဦးထောင်ဖူးတန်ဂွန်းက ပြောပါတယ်။

“အခု ပူတာအိုဘက်က လူတွေအများကြီး ဒုက္ခရောက်နေပါတယ်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တဲ့အခါကျတော့ စခန်းတွေ၊ ရဲဘော်တွေရှိတဲ့ နေရာကျတော့ မတိုက်ဘဲနဲ့ တံတားတွေ၊ လမ်းတွေ တိုက်နေလို့ အခုက ကားလည်း မသွားနိုင်ဘူး၊ လူလည်း မသွားနိုင်ဘူး။ အဲတော့ အဆက်အသွယ်ပြတ်တာပေါ့။”

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အစိုးရတပ်မတော်တို့အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို လမ်းကြောင်းမှာ တံတားအချို့ ဖျက်ဆီးခံရလို့ ကုန်စည်ကူးသန်းသွားလာရေးတွေ ပြတ်တောက်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်လာတာလို့ ဒေသခံတွေက ပြောကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013