
မြန်မာအလုပ်သမားတွေအနေနဲ့ သက်ဆိုင်ရာသံရုံးတွေဆီ ထောက်ခံစာကြေးပေးသွင်းမှ နိုင်ငံအတွင်း ဝင်ရောက်လို့ရမဲ့ အခြေအနေ ရောက်လာတယ်လို့ ပြည်ပရောက်ရှိနေသူတွေက ပြောပါတယ်။
စစ်အုပ်စုက ခွင့်ပြန်အလုပ်သမားတွေကို သံရုံးဆီက ထောက်ခံယူလာရမယ်လို့ ညွှန်ကြားထားပြီး သံရုံးအချို့က ထောက်ခံစာကြေး ကောက်ခံနေတာကြောင့် အလုပ်ပို၊ ငွေကုန်စေမဲ့ လုပ်ရပ်ဖြစ်နေတယ်လို့ ပြည်ပရောက်မြန်မာလုပ်သားတွေက ဆိုပါတယ်။
ထိုင်းရောက် မြန်မာလုပ်သားတယောက်က “ကိုယ်နိုင်ငံကိုယ် ပြန်တာတောင် ထောက်ခံစာလုပ်၊ ပိုက်ဆံပေးပြန်မဲ့ကိစ္စက တော်တော်ကြီး ရုပ်ပေါက်လွန်းတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က စစ်အုပ်စုသံရုံးအနေနဲ့ ခွင့်ပြန်အလုပ်သမားတွေကို ထောက် ခံစာတစောင် ဘတ် ၁၅၀ ပေးဆောင်ရမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံအပြင် တိုကျိုမြို့ စစ်အုပ်စုသံရုံးက ထောက်ခံစာတစောင်ကို ယန်း ၃,၀၀၀၊ ဟောင်ကောင်မြို့ ကောင်စစ်ဝန်ချုပ်ရုံးက ဟောင်ကောင်ဒေါ်လာ ၂၀၀ ပေးသွင်းရမယ်လို့ အသီးသီးထုတ်ပြန်ထားပါတယ်။
ပြည်ပမှာ ဖွင့်လှစ်ထားတဲ့ အခြားစစ်အုပ်စုသံရုံးအချို့က ထောက်ခံစာကြေး ထည့်သွင်းဖော်ပြတာမရှိဘဲ ထောက်ခံစာလုပ်ပေးမဲ့အခြေအနေကို ထုတ်ပြန်ထားတာမျိုးလည်း ရှိပါတယ်။
စစ်အုပ်စုက ခွင့်ပြန်အလုပ်သမားအသွင်နဲ့ ပြည်ပကို တရားမဝင်ထွက်ဖို့ ကြိုးပမ်းတဲ့ အလုပ်သမားအသစ်တွေရှိနေလို့ စိစစ်ကြပ်မတ်ရတာဆိုပြီး အကြောင်းပြထားပါတယ်။
အဲဒီအလုပ်သမားအသစ်တွေက ခွင့်ပြန်အလုပ်သမားတွေ ပြည်ပပြန်ထွက်ရင် လုပ်ရမဲ့လုပ်ငန်းစဥ်အတိုင်း စာရွက်၊ စာတမ်းအတုတွေသုံးပြီး လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
အဲဒီနောက် တကယ့်ခွင့်ပြန်အလုပ်သမားဖြစ်ကြောင်း အတည်ပြုနိုင်အောင်ဆိုပြီး အလုပ်ခွင့်စာ၊ အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာတို့ကို ထွက်ခွာခွင့်လျှောက်ထားချိန်မှာ ထည့်သွင်းစေခဲ့သလို သံရုံးရဲ့ထောက်ခံစာပါ ထပ်တိုးလိုက်တာဖြစ်ပါတယ်။
မေ ၁ ရက်ကစပြီး ပြန်လာမဲ့အလုပ်သမားတွေ သံရုံးထောက်ခံစာ ယူလာရမှာဖြစ်သလို ခွင့်စာအတု နဲ့ လျှောက်ထားရင် ပြည်ပထွက်ခွင့်ပိတ်ပင်တာ အမည်ပျက်စာရင်းသွင်းတာမျိုး အရေးယူခံရမယ်လို့ စစ်အုပ်စုက သတိပေးထားပါတယ်။










