
တနင်္သာရီတိုင်း၊ မောတောင်မြို့ကို စစ်အာဏာရှင်တပ်က ထိန်းချုပ်နိုင်ဖို့ ဒေသခံ ၂၀၀ ကို လူသားဒိုင်း လုပ်ပြီး အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်ခဲ့တာကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ မြို့ကနေ ပြန်လည် ဆုတ်ခွာ ပေးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က မောတောင်မြို့ကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်သိမ်းပိုက်ပြီး ထိန်းချုပ်ခဲ့ပါတယ်။ ဒါပေမဲ့ မေ ၁၉ ရက်မှာ စစ်အာဏာရှင်တပ်က ဒေသခံပြည်သူ ၂၀၀ လောက်ကို လူသားဒိုင်းပြုလုပ်ပြီး အင်အား အလုံးအရင်းနဲ့ ပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “(လူသားဒိုင်း) သူတို့(စစ်တပ်)က သူတို့လုပ်နေကြ ပုံစံ အတိုင်းပဲ သူတို့ ကာဗာယူပြီး ဘယ်လိုမဆို နယ်မြေလွှမ်းမိုးမှုနဲ့ လွှမ်းခြုံဖို့အတွက် နည်းလမ်းပေါင်းစုံ နဲ့ ကြိုးစားမှာပဲ။ အဲဒီအပေါ်မှာ မျှတတာတွေ မမျှတတာတွေကို မြင်မှာမဟုတ်ဘူး။ သူတို့က စစ်ကို စစ်နဲ့တူအောင် တိုက်မယ်ဆိုတဲ့ ပုံစံမျိုး။ ဆိုလိုချင်တာက သူတို့အနိုင်ရတုန်း နိုင်ချေရှိတုန်းမှာ ပုံအောပြီး တိုက်မဲ့ပုံစံမျိုးပဲ။ အဲဒီအချိန်မှာ သူတို့က စစ်ဦးဘီးလူးလို ဘယ်သူမှ ညှာမှာမဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေအနေနဲ့ ဒီစစ်ပွဲတွေ ခဏခဏ ဖြစ်နေတဲ့အခါကျတော့ စားဝတ်နေရေး တွေကော လုံခြုံရေးတွေကော ဘာမှ အာမခံချက်မရှိဘဲ ဝင်လာသမျှလူကို ပုဂံရောက်နေတဲ့လူလို ဖြစ်နေတာ” လို့ ပြောပါတယ်။
လက်ရှိမှာ မောတောင်မြို့၊ ၆ ရပ်ကွက်အပြင် ဖိုးဖိုးလူ၊ ရှစ်တန်ပြုနဲ့ လေးတန်ပြု စတဲ့ကျေးရွာ ၁၅ ရွာက ဒေသခံ ၄,၀၀၀ လောက်ဟာ ဂျလန်းကျောင်းအပါအဝင် နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင် နေရပါတယ်။
ဒါ့အပြင် စစ်တပ်က မောတောင်မြို့ကို ထိန်းချုပ်ပြီးနောက် လူသားဒိုင်းပြုလုပ်ပြီး ခေါ်ဆောင်လာခဲ့ တဲ့ ဒေသခံ ၂၀၀ လောက်ကို ပြန်လွှတ်ပေးခဲ့တယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
လက်ရှိမှာ မောတောင်မြို့ကို စစ်တပ်က ပြန်စိုးမိုးထားပေမဲ့ ဒေသခံတွေဟာ ပြန်လည်ဝင်ရောက် မနေထိုင်ရဲသေးဘူးလို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးနေသူတယောက်က “အခုက မောတောင်မြို့ကို စစ်တပ်က ပြန်စိုးမိုး လိုက်ပြီလေ၊ မနေ့က။ စိုးမိုးလိုက်တဲ့အချိန်မှာ သူတို့(ဒေသခံ)က ရွာထဲဝင်ဖို့ ကြောက်နေကြတယ်။ တချို့က ဘယ်လိုပြောရမလဲ။ KNU အုပ်ချုပ်တဲ့အချိန်က ပတ်သက်ခဲ့ဖူးတဲ့လူတွေ၊ ပြီးတော့ ဒေသထဲမှာ အုပ်ချုပ်ရေးလုပ်တဲ့လူတွေက ပြန်ဝင်လို့ မရဲတော့ဘူး။ ဘယ်လိုပြောရမလဲ၊ သူတို့ သိတာက အလုပ်လုပ်မယ်ထင်တာ။ ဒါပေမဲ့ အဲဒီလိုမဟုတ်ဘူး။ ကျနော်တို့ ဒေသအလုပ်လုပ်တာက ကိုယ့်ဒေသခံတွေ ကိုယ့်ဒေသ အုပ်ချုပ်ရေး မရှိလို့ မရဘူး။ အဲဒီလိုအခြေအနေနဲ့ လုပ်ခဲ့တာတွေ။ အဲဒီမှာ သူတို့(စစ်တပ်)က အဲဒီလိုမြင်မှာ မဟုတ်ဘူး။ KNU ဘက်က အလုပ်လုပ်တယ် မြင်ပြီးတော့ ပြောမှာပဲ” လို့ ပြောပါတယ်။
မောတောင်မြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်တာနဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ ၄ ဘိတ်-ထားဝယ်ခရိုင် တာဝန်ရှိသူကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခု သတင်းထုတ်လွှင့်ချိန်ထိ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့ မောတောင်မြို့သိမ်း တိုက်ပွဲအတွင်း အရာရှိအပါအဝင် စစ်သုံ့ပန်း ၄၀ ကျော်နဲ့ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပါတယ်။ ဒါ့အပြင် စစ်အာဏာရှင်တပ်ဖွဲ့ဝင် ၄၀ ကျော်ဟာ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားခဲ့ပါတယ်။










