
ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် စစ်ရှောင်တောင်သူတွေရဲ့ လယ်ယာစိုက်ခင်းတွေ ပိုးကျ ပျက်စီးရတဲ့ နောက်ဆက်တွဲမှာ စစ်ရှောင်အမျိုးသမီးတွေဟာ မီးဖိုချောင်အတွက်ပါ ဝန်ထုပ်ဝန်ပိုး နှစ်ဆကို ထမ်းပိုးနေကြရပါတယ်။
စပါးစိုက်ခင်းထဲက နေရာမလပ်အောင် ခရုတွေ ရှိနေတဲ့အကြောင်း စစ်ရှောင် တောင်သူ အမျိုးသမီးတယောက်က ပြောပါတယ်။
“ပထမဆုံး စစိုက်တဲ့ တပတ်အတွင်းမှာ ခရုတွေဆို မနိုင်မနင်းဘဲ၊ တဧကကို လေးအိတ်လောက် ကောက်လည်း လေးအိတ်လောက်ရှိတယ်။ ကဏန်းတွေကလည်း ရေက ခန်းပြီဆို အသိုက်တွေ ဆောက်ပြီ လယ်ထဲမှာ၊ အဲဒါဆို စပါးတွေက ပျက်စီးရပြီ။ ရေက သွင်းလိုက်ပြီဆိုပြန်တော့ ခရုက စပါးပင်တွေကို ပြန်စားတယ်။ ကျမတို့ လုပ်စားရတာကလည်း ကိုယ့်ရဲ့ ဝမ်းစာအတွက် စားဝတ်နေရေး ဖြေရှင်းရတဲ့အပေါ်မှာလည်း အခက်အခဲတွေ အများကြီး တွေ့ကြုံနေရပါတယ်။”
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ထဲက ဈေးတန်းစစ်ရှောင်စခန်းက စစ်ရှောင်တောင်သူတွေက ဝမ်းရေးအတွက် စိုက်ပျိုးထားတဲ့ လယ်ယာစိုက်ခင်းတွေမှာ မိုးနည်းတာကြောင့် စိုက်ခင်းတွေ ပိုးကျတာ၊ ခရုတက်တာနဲ့ ကဏန်းဝင်တာတွေ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။
ဒီနှစ်ရဲ့ ရာသီဥတု ပြောင်းမှုတွေကြောင့် စိုက်ခင်းတွေရဲ့ အခြေအနေမှာ ပိုးမွှားပြဿနာပါ တိုးလာနေတယ်လို့လည်း သူက ဆိုပါတယ်။
“စိုက်ခင်းထဲမှာ ပိုးကျတာကတော့ အရင်တနှစ်လည်း ကျတယ်။ ဒါပေမဲ့ ပြင်ပကလာတဲ့ ပိုးသတ်ဆေးတွေ တကြိမ်ပဲ ဖျန်းရင်တောင် လုံလောက်မှုရှိတယ်။ ဒီတနှစ်ကျတော့ တလသားပဲ ရှိတဲ့ စပါးကို ကျမတို့ ၁၀ ရက် တကြိမ်၊ ခုနစ်ရက်ကို တကြိမ် ဖျန်းရတဲ့အခါကျတော့ တလကျော်ကျော်ပဲရှိတဲ့ စပါးခင်းတွေကို လေးကြိမ်ထိ ဖျန်းရတဲ့ အခြေအနေရှိတယ်။ အဓိကကတော့ စပါးတွေမှာ အများဆုံးပေါ့။”
ဈေးတန်း စစ်ရှောင်တောင်သူတွေဟာ စားဝတ်နေရေးအတွက် ဆန်ရအောင် စပါးစိုက်ပျိုးကာ ရာသီပေါ်သီးနှံတွေကိုလည်း ဝမ်းရေးအတွက် ဖူလုံရင် ရောင်းဝယ်ဖောက်ကားတာတွေ လုပ်ရင်း ရပ်တည်နေကြတာ ဖြစ်ပါတယ်။
ဒီနှစ်မှာတော့ ရာသီဥတုဖောက်ပြန်ကာ မိုးတွင်းမိုးနည်းတာနဲ့ ပူပြင်းခြောက်သွေ့မှုတွေ ပိုဆိုးလာကြောင့် လယ်ယာစိုက်ပျိုးရေးမှာ ထိခိုက်လာတာ ဖြစ်ပါတယ်။
ဒီအတွက်ကြောင့် လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်စားသောက်ရတဲ့ တောင်သူတွေဟာ စိုးရိမ်ပူပန်မှုတွေ တိုးလာနေတာ ဖြစ်ပါတယ်။
ဈေးတန်း စစ်ရှောင်စခန်းရဲ့ ရပ်ကျေးလူကြီး တောင်သူတယောက်ကလည်း “ရေရှိတဲ့အပိုင်းက ခရုတွေ ကျတယ်ပေါ့နော်။ ကောက်စပါးတို့ အပိုင်းကျတော့ နေပိုတော့ တခြားပိုးတွေ ဖြုတ်တို့၊ ရေဖြူတို့ လောင်ပိုးတို့ ကျတယ်ပေါ့။ ဟိုပိုးကျလိုက် ဒီပိုးကျလိုက်၊ စစ်ပိုးတွေ စပါးပင်က တဖြည်းဖြည်းနဲ့ ဝါဝါလာရင်းနဲ့ မြက်တွေပဲ ထူလာတယ်။ ရာသီဥတု ပုံမှန်မဖြစ်တဲ့အခါကျတော့ နေ့လယ်ခင်း မိုးမရွာဘဲ ကျတော့ ညနေခင်း မိုးရွာတယ်။ ညနေခင်း မိုးနည်းနည်းပါးပါး ရွာတာက ပိုးပိုကျတယ်လို့ ပြောကြတယ်။ စိုက်ပျိုးရေးတို့ ဘာတို့ လုပ်ရင်လည်း အောင်မြင်မလား၊ မအောင်မြင်ဘူးလား ဆိုတဲ့ အတွေးတွေနဲ့ စိတ်အားငယ်တယ်ပေါ့နော်။ ရာသီဥတုအကြောင်းနဲ့ ပိုးတွေ ဘာတွေဖျက်၊ ခရုတွေဘာတွေ ဖျက်တဲ့အခါကျတော့ စပါးစိုက်ပျိုးရေး မအောင်မြင်တော့ ကျနော်တို့ ဘာနဲ့သွားစားတော့မလဲ၊ ကုန်ဈေးနှုန်းကလည်း ဈေးတက်တယ်” လို့ ပြောပါတယ်။
စိုက်ခင်းတွေ ပျက်စီးရတာနဲ့အမျှ ရာသီဥတုဖောက်ပြန်မှုရဲ့ နောက်ဆက်တွဲ ဝန်ထုပ်ဝန်ပိုးဟာ အမျိုးသမီးတွေရဲ့ မီးဖိုချောင်အထိကိုပါ တိုက်ရိုက် ရိုက်ခတ်လာပါတယ်။
တောင်သူအမျိုးသမီးက “ရာသီဥတုရဲ့ မကောင်းတဲ့ အခြေအနေပေါ်မှာပေါ့၊ ကျမတို့ မီးဖိုချောင်အသိုက်လည်း ဖူလုံမှု မရှိတဲ့အပြင်ပေါ့နော်၊ ကျမတို့ စိုက်ထားတဲ့ စပါးတွေ၊ အဲ့လိုမျိုး ပိုးတွေဖျက်တာ များတဲ့အခါကျတော့ ကျမတို့ စပါးကိုယ်တိုင် ကိုယ်ကျစိုက်တယ် ဆိုပေမဲ့ ရာသီဥတုရဲ့ မမှန်တဲ့ အခြေအနေပေါ်မှာ ကျမတို့ ရင်းထားတဲ့ တနှစ်စာကို သုံးလေးလပဲ ဖူလုံတဲ့ အခြေအနေမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ဒီရာသီဥတုရဲ့ ပြောင်းလဲမှုတွေကျတော့ တနိုင်တပိုင် မီးဖိုချောင် ဒီခြံကွက် သေးသေးလေးမှာ အရင်တနှစ်က ကျမတို့ စိုက်ပြီဆို ဖရုံတွေ၊ သခွားတွေဆို ဟိုးနွေအထိ စားဖို့သောက်ဖို့ ကျမတို့ ဖရုံသီးတွေဆိုလည်း အရင်တွေဆို ထားလို့ရတယ်၊ သခွားသီးဆိုလည်း ထားလို့ရတယ်ပေါ့နော်။ ဒီတနှစ်ကျ အပင်တွေကြည့်ကတည်းကိုက အသီးမပြောနဲ့ပေါ့နော်၊ ဒီအပင်တွေ ကြည့်ကတည်းကိုက ကျမတို့ အမျိုးသမီးအနေနဲ့ အများကြီး စိုးရိမ်မှုတွေ ရှိလာတယ်ပေါ့” လို့ ဆက်ပြောပါတယ်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ လက်အောက်ကနေ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာနကနေလည်း ကရင်နီပြည်ထဲက စိုက်ပျိုးဧက ၁၅၅ ဧကကို မျိုးစပါးတွေ ဖြန့်ဖြူးပေးတာ စိုက်ပျိုးနည်းသင်တန်းတွေကိုလည်း အကြိမ်ပေါင်း ၅၅ ကြိမ်ထိ ပေးခဲ့ကြောင်း သိရပါတယ်။
အခု အဖျက်ပိုးတွေ ကျရောက်နေတာနဲ့ ပတ်သက်လို့လည်း IEC ရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဌာနကနေ သဘာဝနည်းလမ်းတွေနဲ့ ကာကွယ်နိုင်မဲ့ နည်းတွေကို ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
IEC (DoALI) ဒုဌာနမှူး ၁ ဦးတင့်ဆွေက “ပိုးမွှားရောဂါ ကျရောက်ပြီဆိုတာနဲ့ တပြိုင်နက်တည်း စိုက်ပျိုးတောင်သူ တဦးချင်းစီရဲ့ မိသားစုဝင်ငွေ စားဝတ်နေရေးအပေါ်မှာလည်း သွားပြီးတော့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်ပေါ့နော်။ ရာသီဥတု အခြေအနေက ပူအိုက်တယ်၊ စိုစွတ်တဲ့ အနေအထားမှာဆိုတော့ တချို့သော ရောဂါတွေလည်း ကျနိုင်ခြေများတယ်ဆိုတော့ ကြိုတင်ကာကွယ်တဲ့နည်းတွေကို ကျနော်တို့ ပြင်ဆင်ထားဖို့ လိုတယ်ပေါ့နော်။ အရင်ဆုံးအနေနဲ့တော့ သဘာဝနည်းလမ်းတွေနဲ့ အရင်ဆုံး ဘက်စုံပိုးမွှား ကာကွယ်နှိမ်နင်းတဲ့ နည်းတွေကို ကျနော်တို့ ဌာနကလည်း လက်လှမ်းမီသလောက် ဆောင်ရွက်သွားပေးဖို့လည်း ရှိတယ်ပေါ့နော်” က ပြောပါတယ်။
ရာသီဥတု မမှန်တာနဲ့ ပိုးမွှားအန္တရာယ်တွေ ဘယ်လိုပဲရှိနေပါစေ စစ်ရှောင်အမျိုးသမီး တောင်သူတွေ ကတော့ မိသားစု စားဝတ်နေရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက် ရုန်းကန်နေကြရဆဲပါ။
ဒီလို ရာသီဥတု ဖောက်ပြန်မှုရဲ့ ရိုက်ခတ်မှုကို အပြင်းထန်ဆုံး ခံစားနေရတဲ့ အမျိုးသမီးတွေအတွက် ထိရောက်တဲ့ ကူညီပံ့ပိုးမှုတွေနဲ့ နည်းပညာအကူအညီတွေ ရရှိဖို့ကတော့ စစ်ရှောင်စခန်းထဲက မီးဖိုချောင်တိုင်းရဲ့ အရေးတကြီး လိုအပ်ချက် ဖြစ်နေပါတယ်။











