DVB Logo
Home
မြန်မာသတင်း
စစ်တပ် အကြမ်းဖက်မှုကြောင့် ၃ လခန့်အတွင်း အမျိုးသမီး ၁၃၀ ကျော် သေဆုံးပြီး ရခိုင်က အများဆုံးဖြစ်
DVB
·
September 24, 2026
Photo: AAPP
Photo: AAPP
Donate to DVB

နိုင်ငံတဝန်းမှာ စစ်အာဏာရှင်တပ်ရဲ့ လုပ်ရပ်တွေကြောင့် ၃ လနီးပါးအတွင်း အမျိုးသမီး အယောက် ၁၃၀ ကျော် သေဆုံးခဲ့ပြီး ရခိုင်ပြည်နယ်က အများဆုံးဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇူလိုင် ၁ ရက်ကနေ စက်တင်ဘာ ၂၂ ရက်အထိ ၃ လနီးပါးအတွင်း စစ်တပ်လုပ်ရပ်ကြောင့် နိုင်ငံတဝန်း သေဆုံးခဲ့တဲ့ အမျိုးသမီး ၈၉ ယောက်ကို အမည်နဲ့တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၂ ယောက် ပါဝင်သလို ရခိုင်ပြည်နယ်က အယောက် ၃၀ ပါတယ်လို့ AAPP က ဆိုပါတယ်။

အတည်ပြုဖို့ လိုအပ်နေသေးတဲ့ အမျိုးသမီး ၄၃ ယောက်ရဲ့ စာရင်းကိုလည်း AAPP က သီးခြားကောက်ယူ ဆက်လက်စစ်ဆေးနေတယ်လို့ ဖော်ပြထားပြီး သေဆုံးမှုတွေရဲ့ အကြောင်းရင်းတွေထဲမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၇၆ ယောက်နဲ့ အများဆုံး ဖြစ်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရခိုင်မှာ ကျောက်ဖြူ၊ စစ်တွေ၊ ရခိုင်နဲ့ ပြည်မကိုဆက်ထားတဲ့ လမ်းတွေမှာ အာရက္ခတပ်တော်(AA) အပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က အထိနာကျဆုံးများရင် ဒေသခံတွေကို ပစ်မှတ်ထား တိုက်ခိုက်တာကြောင့် အခုလို ထိခိုက်သေဆုံးမှုတွေ များလာတာလို့ မြောက်ဦးဒေသခံ လူမှုရေးလုပ်ကိုင်နေသူတယောက်က ပြောပါတယ်။

“ဇူလိုင်လက ကမ်းကပ်မယ်ဆိုပြီးတော့ သံတွဲနဲ့ ဂွမြို့နယ်ကို ရက်ဆက်ဗုံးကြဲတယ်။ အခု စက်တင်ဘာလမှာတော့ ထိုးစစ်စတင်တယ်။ လေကြောင်းကလည်း စစ်တွေနဲ့ ပုဏ္ဏားကျွန်းအစပ်တွေကို အခုရက်ပိုင်း နေ့စဉ် ပစ်နေတယ်။ နောက်တခုက စစ်ကောင်စီက တိုက်ပွဲထဲ အထိနာပြီဆို ပြည်သူနေတဲ့ရွာ၊ အဆောက်အအုံတို့ကို ပစ်မှတ်ထား တိုက်ခိုက်တယ်။ အမှန်က တိုက်လို့ ရှုံးတာကတနေရာ၊ ဗုံးလာကြဲတာက တနေရာ ဖြစ်နေတယ်။ ဒီရက်ပိုင်းလည်း AA က သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း ထုတ်ပြန်ထားတော့ ပြည်သူအနေနဲ့ လေကြောင်းကို နေ့ရော ညပါ သတိထားဖို့ ပိုလို့လိုအပ်တယ်” 

ဩဂုတ် ၁၀ ရက်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ကျေးရွာဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်ကို ကျရောက် ပေါက်ကွဲခဲ့လို့ အမျိုးသမီး ၁၁ ယောက် အပါအဝင် ဒေသခံပြည်သူ ၁၆ ယောက် ဗုံးစထိမှန်သေဆုံးခဲ့ပြီး ပြည်သူတချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ AAPP ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှုကနေ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၂ ရက်အထိ စစ်တပ်နဲ့ ဆက်စပ်အဖွဲ့တွေကြောင့် သေဆုံးခဲ့တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း ၈,၄၁၈ ယောက်အထိ ရှိလာတယ်လို့လည်း AAPP က ဆိုပါတယ်။

ဒီကာလအတွင်း ကလေး ၁,၁၁၁၇ ယောက်နဲ့ အမျိုးသမီး ၂,၃၁၈ ယောက်အပါအဝင် အတည်ပြုနိုင်တဲ့ သေဆုံးသူ ၈,၄၁၈ ယောက်ရှိပြီး အယောက် ၅,၃၀၀ လောက်ကတော့ အတည်ပြုဖို့ လိုအပ်သေးတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အလားတူ စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး ကလေး ၆၄၁ ယောက်၊ အမျိုးသမီး ၆,၆၁၇ ယောက် အပါအဝင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၃၁,၉၅၉ ယောက်ရှိပြီး၊ အဲဒီအထဲက ထိန်းသိမ်းခံနေရဆဲ ဖြစ်တာကို အတည်ပြုနိုင်သူ ၁၄,၈၄၂ ယောက်ရှိတယ်လို့ ဆိုပါတယ်။

AAPP က ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေဟာ သူတို့ လက်လှမ်းမီသမျှ စုဆောင်းရရှိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတာ ဖြစ်ပြီး၊ မြေပြင်မှာ ဖြစ်ပွားနေတဲ့ အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ AAPP က ပြောပါတယ်။

Photo : AAPP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013