
သတင်းထောက် ကိုစိုးရာဇာထွန်း(တွန်အိုးဝေ)ရဲ့ ထောင်တွင်းမှာ ကိုဂျင်မီ၊ ကိုဇေယာသော်တို့နဲ့ တွေ့ကြုံမှုတွေအပြင် စစ်တပ်ရဲ့ထောင်တွင်းဖိနှိပ်မှုအခြေအနေတွေကို အသေးစိတ်ရေးသားထားတဲ့ ‘အာဏာရှင်လှောင်အိမ်’ စာအုပ်ကို မကြာမီဖြန့်ချိတော့မှာဖြစ်ပါတယ်။
အဲဒီစာအုပ်မှာ စာမျက်နှာ ၃၃၇ မျက်နှာ၊ အခန်း ၁၆ ခန်းပါပြီး သေဒဏ်ပေးခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ NLD ကိုယ်စားလှယ်လည်းဖြစ်၊ အဆိုတော်လည်းဖြစ်တဲ့ ကိုဇေယျာသော်တို့နဲ့ ထောင်တွင်းတွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေကိုလည်း ရေးသားထားတယ်လို့ ကိုစိုးရာဇာထွန်းက ဆိုပါတယ်။
“ကိုဂျင်မီနဲ့ ကိုဇေယျာသော်တို့အကြောင်းတွေလည်း ပါတယ်။ သူတို့ဇာတ်အိမ်က အဓိကပေါ့။ ထောင်သပိတ်၊ ထောင်ပိုင်ကိုဖမ်းပြီး ထောင်ဖောက်ဖို့ ကြိုးစားတဲ့ နိုင်ကျဉ်းတွေ၊ အာဟာရငတ်လို့ ကျဆုံးရတဲ့ နိုင်ကျဉ်းတွေ၊ နှိပ်စက်ညှင်းပန်း ခံရမှုတွေအကြောင်းလည်း ပါတယ်။”
အဲဒီစာအုပ်ကိုရေးဖို့ ကိုစိုးရာဇာထွန်းဟာ ထောင်ကျကတည်းက ဆုံးဖြတ်ထားတာဖြစ်ပြီး သတင်းထောက်တယောက်အနေနဲ့ စစ်တပ်ရဲ့ မတရားမှုတွေကို ဖော်ထုတ်ချင်တာကြောင့် အင်းစိန်ထောင်တွင်းဖြစ်ခဲ့သမျှ ဖြစ်ရပ်တွေအားလုံးကို ရေးသားထားတာလို့ ဆိုပါတယ်။
“အခုက စာအုပ်ကို ဖြန့်ချိပေးမဲ့သူတွေနဲ့ ချိတ်ဆက်ထားပါတယ်။ အင်းစိန်ထောင်ထဲ ဖြစ်ခဲ့သမျှ ဖြစ်ရပ်တွေအားလုံးပါတယ်။ အပြင်က သိရတဲ့ သတင်းတွေမျိုး မဟုတ်ဘူး။ အပြင်က မသိရတဲ့ သတင်းအကြောင်းအရာတွေ အများကြီးပဲ။”
အဲဒီစာအုပ်ကို ဇူလိုင် ၅ ရက် ဒီနေ့ စတင်ရိုက်နှိပ်နေပြီး တပတ်အကြာမှာ ထုတ်ဝေတော့မှာဖြစ်သလို တအုပ် ဘတ် ၃၀၀ ဈေးနှုန်းသတ်မှတ်ထားတယ်လို့ သိရပါ တယ်။
သတင်းထောက် ကိုစိုးရာဇာထွန်းဟာ စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မြေနီကုန်း ဒဂုန်စင်တာရှေ့မှာ သတင်းရယူနေတုန်း ပထမအကြိမ်ဖမ်းဆီးခံခဲ့ပြီး ၂၀၁၁ ခုနှစ် ဇွန် ၃၀ ရက်တွင် ပြန်လည်လွတ်မြောက်ခဲ့သလို ၂၀၂၂ ခုနှစ်၊ မတ် ၈ ရက်မှာ စစ်တပ်က ဒုတိယအကြိမ်ပြန်ဖမ်းပြီး စစ်ကြောရေးမှာ တပတ်၊ ရဲစခန်းမှာ တလဝန်းကျင်နေထိုင်ခဲ့ရကာ ၂၀၂၅ ခုနှစ် ဧပြီ ၁ ရက်နေ့မှာ ပြန်လွတ်ခဲ့တာဖြစ်ပါတယ်။











