
အမေရိကန်နဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ဟာ အရပ်ဘက်သုံး နျူကလီယားအစီအစဉ် စတင်နိုင်မဲ့ သမိုင်းဝင် သဘောတူညီချက်တရပ်ကို လက်မှတ်ရေးထိုးလိုက်ပါတယ်။
အမေရိကန် စွမ်းအင်ဌာနကတော့ ဒါဟာ အမေရိကန်ကုမ္ပဏီတွေအတွက် အမေရိကန်ဒေါ်လာ ဘီလီယံချီ အကျိုးအမြတ်ရစေမဲ့ ငြိမ်းချမ်းတဲ့ နျူကလီယား ပူးပေါင်းဆောင်ရွက်မှုလို့ ဆိုပါတယ်။
သဘောတူညီချက် အသေးစိတ်ကို ထုတ်ပြန်မထားပေမဲ့ ဆော်ဒီနိုင်ငံအနေနဲ့ ကိုယ်ပိုင်မြေပေါ်မှာ ယူရေနီယံ သန့်စင်ခွင့် ရသွားနိုင်တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြကြပါတယ်။
ဒီလို ယူရေနီယံ သန့်စင်ခွင့်ရသွားရင် လျှပ်စစ်စွမ်းအင်ထုတ်ဖို့ သုံးနိုင်သလို၊ နျူကလီယားဗုံးတွေ ဖန်တီးရာမှာလည်း အသုံးပြုလာနိုင်မှာပါ။
ဒါကြောင့် မတည်ငြိမ်တဲ့ အရှေ့အလယ်ပိုင်းဒေသမှာ နျူကလီယားလက်နက် ပျံ့နှံ့လာမဲ့ အန္တရာယ်ရှိ တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။
ဒါပေမဲ့ဒီသဘောတူညီချက်ဟာ နျူကလီယား လုံခြုံရေးနဲ့ လက်နက်မပြန့်ပွားရေး စံနှုန်းတွေကို အမြင့်ဆုံးထိန်းသိမ်းထားတယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီး ခရစ်စ်ရိုက်တ်က ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီရိုကလည်း လက်နက်ပြန့်ပွားစေမဲ့ ဘယ်သဘောတူညီချက်မျိုးကိုမှ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ဒီသဘောတူညီချက်ကို သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရက ဆော်ဒီက အစ္စရေးကို အသိအမှတ်ပြုမှ နျူစီမံကိန်း ခွင့်ပြုမယ်ဆိုတဲ့ မူလကန့်သတ်ချက်တွေကို ပယ်ဖျက်ပြီး ခွင့်ပြုပေးခဲ့တာပါ။
အခု ကြေညာချက်ဟာ အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ထွက်ပေါ် လာတာ ဖြစ်ပါတယ်။
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက် ဘင်ဆာလမန် ကတော့ အီရန်သာ နျူကလီယားဗုံး ပိုင်ဆိုင် လာခဲ့ရင် သူတို့လည်း ချက်ချင်း ဖန်တီးသွားမယ်လို့ အရင်တုန်းက ပြောခဲ့ဖူးပါတယ်။
Source:Reuters











