
အီရန်စစ်ပွဲဂယက်ကြောင့် ကမ္ဘာ့နိုင်ငံတွေနည်းတူ မြန်မာနိုင်ငံမှာလည်း လောင်စာဆီ အကျပ်အတည်း ကြုံနေရလို့ တပြည်လုံးငါးဈေးကွက်ကလည်း ကျဆင်းသွားသလို ပြည်ပငါးတင်ပို့မှု အခြေနေကလည်း ထပ်တူကျဆင်းလာပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံးငါးဈေးကွက်ဖြစ်တဲ့ ရွှေပိတောက်ငါးဈေးမှာတော့ ဈေးဝယ်သူတွေ ရှင်းလင်းနေသလို နယ်ပို့ဖို့ ပုံးပိတ်အလုပ်တွေနဲ့ မအားရတဲ့ ငါးလုပ်သားတွေလည်း လက်ရှိမှာတော့ ဖုန်းထိုင်သုံးနေတဲ့အထိ အနားရနေတာကို တွေ့ရပါတယ်။
လောင်စာဆီအကျပ်အတည်းကြောင့် ငါးဈေးကြီးကို ဝင်ရောက်လာတဲ့ ငါးကားတွေ အဝင်မမှန်တော့သလို အနယ်နယ်အရပ်ရပ်ကို ပြန်လည်တင်ပို့ရာမှာလည်း ခက်ခဲလာတဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ငါးကုန်သည်တယောက်က ရှင်းပြပါတယ်။
“နောက်ဆက်တွဲက ငါးဈေးက မငြိမ်တော့ဘူး။ ဒီနေ့ ကျပ် ၈,၀၀၀ ပေါက်ပေမဲ့ နောက်နေ့ကျရင် ၇,၀၀၀ ဖြစ်ရင်ဖြစ်တာ၊ နောက်နေ့ကျရင် ၈.၅၀၀၊ ၉,၀၀၀ အဲဒီလို ဖြစ်ရင်ဖြစ်တာ။ ကားတွေက အဝင်မမှန်တော့ဘူး။ ကားတွေက ဒီနေ့ ၈၀ ဆိုရင် တိုးသွားတာ ၉၀၊ ပြန်ကျသွားရင် ၈၅။ အဲဒီလို ပုံမှန်လေးသွားနေတာ။ အခုက အဲဒီလို မဟုတ်တော့ဘူး။ ဒီနေ့ ၈၀ ဆိုရင် မနက်ဖြန်ကျ ၁၁၀ ဖြစ်ချင်ဖြစ်တာ၊ ကားအဝင်တွေက နောက်နေ့ကျရင် ၇၀ လောက်ပဲ ပြန်ဖြစ်ရင်ဖြစ်သွားတာ။ အဲဒီလို အရောင်းအဝယ် မှန်းလို့မရဘူး။ မမှန်တော့ဘူး အဲဒါတွေက။ မနက်ကဆိုရင် ကျနော့်ကို ကုန်ချိန် ၁,၃၀၀ မှာတာ။ ဒါပေမဲ့ ဆီမရလို့ ကားမထွက်လို့ဆိုပြီးတော့ ကုန်ချိန် ၇၀၀ ပဲ မှာတော့တယ်။ အဲဒီလို အပြောင်းအလဲက မြန်တယ်။ တယောက်နဲ့တယောက် ကတိပျက်တယ်။ ကတိ မတည်ကြတော့ဘူး။”
ငါးဈေးကွက်မှာ ကတိတွေ ပျက်ယွင်းလာတာကြောင့် ငါးတွေ လေလွင့်ပျက်စီးတာတွေလည်း ဖြစ်လာပါတယ်။
လောင်စာဆီအကျပ်အတည်းက ရန်ကုန်ကတဆင့် အနယ်နယ်အရပ်ရပ်ကို ဖြန့်ထွက်သွားတဲ့ ငါးတင်ပို့တဲ့ လုပ်ငန်းတွေကို တိုက်ရိုက်ထိခိုက်လာပြီး ကားခတွေ ဈေးတက်လာတဲ့ အခြေအနေကို ငါးလုပ်ငန်းလုပ်ကိုင်သူတယောက်က ပြောပြပါတယ်။
“ကားတွေက ဆီမရတော့ မထွက်တဲ့ကားတွေက မထွက်ဘူး။ မရတော့ ကားခတွေ ဈေးကြီးသွားတယ်။ အရင်တုန်းက ကျနော်တို့ပို့တာက ငါးမုတ်ကို မြိတ်ကိုပို့တာ။ တဖာကို ကျပ် ၂၂,၀၀၀ ကျတယ်။ အခု တဖာကို ၁ သိန်းလောက် ကျတယ်။ အဆင်မပြေတော့ဘူး။ သူတို့ကို လုပ်ကျွေးရသလို ဖြစ်တယ်။”
လက်လီသားငါးဈေးကွက်က လက္ကားဈေးကွက်ထက် ထက်ဝက်မက မြင့်တက်လေ့ရှိတာက ထုံးစံလိုဖြစ်နေပြီး အခုလိုအကျပ်အတည်းကြားမှာ ရန်ကုန်မြို့ လက်လီငါးဈေးကွက်ရဲ့ ဝယ်ယူမှုကလည်း ကျဆင်းလာတယ်လို့ ငါးကုန်သည်တယောက်က ပြောပါတယ်။
“ဒီနေ့ဆို ငါးရှားတယ်လို့ ပြောလို့ရတာပေါ့။ ဒါပေမဲ့ ဒီနယ်ပို့တွေ မရှိဘူး။ ဒီဈေးသည်တွေ ချည်းပဲဆိုရင် ရန်ကုန်မြို့ အတိုင်းအတာနဲ့ ငါးကားတစီးတောင် သိပ်မကုန်ချင်ဘူး။ ခါတိုင်းက ဥပမာပေါ့။ ပြည်သူမှာလည်း စားဖို့သောက်ဖို့က မလွယ်ဘူးလေ။ ခေတ်အနေထားနဲ့ အလုပ်အကိုင်တွေနဲ့က ကုန်ဈေးနှုန်း ကြီးမြင့်တဲ့အတွက် စားဖို့ သောက်ဖို့အတွက် ငါးဟင်းစားဖို့ မိသားစု ဒီပြင်ဟင်းလေးနဲ့ အကြော်လေးနဲ့ ကန်စွန်းရွက်ကြော်လေးနဲ့ ဘဲဥချဥ်ရည်ဟင်းလောက်နဲ့ စားမယ်ဆိုရင် မိသားစု တနေ့တာ ဖြေရှင်းမယ်ပေါ့၊ ငါးချည်းပဲ တသီးတခြားကြီးကျတော့ ဥပမာ မိသားစု ၅ ယောက်လောက် ရှိတယ်၊ ငါး ၂၀ သားနဲ့ ဘယ်အဆင်ပြေမလဲ။ ဈေးထဲမှာလည်း ဈေးက သယ်ယူစရိတ်တွေ ကြီးတော့ ဈေးထဲမှာလည်း တက်မှာပဲ။ အဲဒီလို ဖြစ်နေတာ။ ပြည်သူကတော့ အဘက်ဘက်ကတော့ ကျပ်တည်းတာပေါ့။”
လက်ရှိမှာ ပြည်တွင်းငါးဈေးကွက်မှာ ငါးမြစ်ချင်း တပိဿာ ကျပ် ၈,၅၀၀၊ ငါးကြင်း တပိဿာ ကျပ် ၂၀,၀၀၀၊ ငါးမုတ် တပိဿာ ကျပ် ၈,၀၀၀ နဲ့ ငါးတန် တပိဿာ ကျပ် ၅,၅၀၀ ပေါက်ဈေးရှိနေပါတယ်။
နယ်ပို့နည်းလို့ ငါးတွေပုံနေတဲ့အခါ ငါးဈေးတွေကျလာပြီး အဲလိုဈေးကျချိန်မှာတော့ ငါးခြောက်လုပ်ရောင်းတဲ့သူတွေအတွက်တော့ ငါးစုတဲ့အချိန် ဖြစ်လာပါတယ်။
ရန်ကုန်မြို့ သရက်ပင်ချောင်က ငါးပိ၊ ငါးခြောက်ဇုန်က လုပ်ငန်းရှင်တယောက်ကတော့ ငါးတန်တွေ လိုက်ထရပ်တစီးအပြည့် လာရောက်ဝယ်ယူနေပြီး အခြေအနေကို ပြောပြပါတယ်။
ငါးအရောင်းအဝယ်လုပ်သူတယောက်က “ငါးဈေးကတော့ ကျနော်တို့ကတော့ ဒီရက်ပိုင်းတော့ နည်းနည်းချောင်တယ်လို့ပဲ ပြောရမှာပေါ့။ ဝယ်သူမရှိတော့လို့ လာပြီးတော့ ကိုယ်လည်းအဆင်ပြေလို့ လာဝယ်တာပေါ့။ ဒါပွဲရုံရောင်းရက် မရှိတော့ဘူးလေ။ ဒါအအေးခန်းထည့်ဖို့” လို့ ပြောပါတယ်။
တပြည်လုံးငါးဈေးကွက်က လောင်စာဆီ အကျပ်အတည်း နောက်မှာ ကျဆင်းသွားသလို ပြည်ပငါးတင်ပို့မှု အခြေအနေကလည်း ထပ်တူကျဆင်းလာပါတယ်။
မြန်မာ့ ရေထွက်ကုန်တင်ပို့မှုမှာ ငါးမြစ်ချင်း အပါအဝင် ရေထွက်ကုန်ပစ္စည်းအမျိုးပေါင်း ၉၀ ကို တင်ပို့နေပြီး တရုတ်၊ ထိုင်း၊ ဆူဒန်၊ အာရပ်နိုင်ငံတွေနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို တင်ပို့နေတာ ဖြစ်ပါတယ်။
ပြည်ပတင်ပို့တဲ့ ငါးကုမ္ပဏီတွေက ငါးကုန်သည်တွေကို ငွေမချေတော့တာ၊ လုပ်ငန်း လျှော့ချလိုက်တာတွေကြောင့် ငါးမွေးသူကုမ္ပဏီတွေ အခက်တွေ့ရသလို ငါးမွေးသူနဲ့ ငါးတင်ပို့သူတွေကြား ချိတ်ဆက်ဆောင်ရွက်နေတဲ့ ငါးကုန်သည်တွေမှာလည်း အကျပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်နေရပါတယ်။
ငါးကုန်သည်တယောက်က “ငါးဈေးက လက်ရှိမှာတော့ အဓိက မြန်မာပြည်မှာသုံးတာထက် နိုင်ငံတကာကိုပို့ရတာ အခက်အခဲတွေ တအားများတယ်။ အဲ့အတွက် အစစအရာရာ ကန်သမားတွေအဖို့လည်း မကိုက်တော့ဘူး။ သူတို့အဖို့လည်း မကိုက်ဘူး။ ဆီဈေးနှုန်း ပြတ်လပ်မှုကြောင့် လွယ်လင့်တကူ ဝယ်လို့မရတာတွေလည်းပါတယ်။ နိုင်ငံခြားကိုထွက်ဖို့ ဆိုတာလည်း ငါးတွေဝယ်တယ် ပိုက်ဆံတွေမပေးဘူး။ ပုံမှန်အားဖြင့် တပတ်ကို တရက်ပေးတာတောင်မှ သိန်း ၁,၀၀၀ ကို ရာခိုင်နှုန်း ၁၀၀ နှုန်းတောင် မပေးနိုင်ဘူး။ နိုင်ငံတကာငွေလည်ပတ်မှုအားပါ ကျသွားတဲ့အတွက် အဲ့အတွက် ကုန်သည်တွေအဖို့ကတော့ အဘက်ဘက်က နစ်နာတာပေါ့။ လက်ရှိအနေအထားက ငါးဈေးကတော့ ကျတဲ့ဘက်မှာ များနေတယ်။ သူတို့အစာဈေးနှုန်းတွေနဲ့ မကိုက်တော့ဘူး။ ဖွဲနုတပေါင်ကို ကျပ် ၅၅၀။ တအိတ်ကို ကျပ် ၃၃,၀၀၀။ တအိတ်ကို အစာကျွေးပြီး ပြန်ရောင်းမှ ဘယ်လောက်ရလဲဆိုတော့ ၃၂,၀၀၀ လောက်ပဲ ရတယ်။ အဲဒီလိုမျိုး ဖြစ်နေတယ်။ အဲဒီလိုဖြစ်နေတော့ သူတို့အဖို့လည်း မကိုက်ဘူး ဖြစ်နေတယ်။ ၁၆ ပိဿာ တအိတ်မှ ငါး ၄ ပိဿာပဲ ရတာ။ ငါး ၄ ပိဿာမှ ကျပ် ၈,၀၀၀ ဈေးနဲ့မှ ၃၂,၀၀၀ ရတယ်။ ဖွဲဖိုးက ၃၃,၀၀၀ ကျတယ်ဆိုတော့ ကန်သမားတွေကလည်း မကိုက်ဘူးပေါ့။ ဒီဘက်က ငါးဈေးကလည်း မကောင်းတဲ့အပြင် အစာဈေးကလည်း တက်နေတော့ ပိုဆိုးတာပေါ့။ အဘက်ဘက်ကတော့ ကျပ်တည်းမှုတွေက တအားများတာပေါ့။ ကျနော်တို့ပွဲစားတွေ အနေနဲ့ကလည်း ကျပ်တည်းမှုတွေ တအားများတယ်” လို့ ပြောပါတယ်။
လက်ရှိ ငါးမွေးလုပ်ငန်းကစပြီး ငါးတင်ပို့တဲ့လုပ်ငန်းအထိ ဖြစ်နေတဲ့ အကျပ်အတည်းတွေကို ငါးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့တွေလည်း ဖြေရှင်းပေးနိုင်ဖို့ ခက်ခဲနေတာကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ၂ လပိုင်းကနေ ၃ လပိုင်းအထိ ဆော်ဒီကို တင်ပို့လိုက်တဲ့ ငါးတွေအတွက် ငွေပြန်ဝင်တာ မရှိသလို အရှေ့အလယ်ပိုင်းကို တင်ပို့လိုက်တဲ့ ကွန်တိန်နာ အလုံး ၆၀ အိန္ဒိယမှာတင် ပိတ်မိနေပြီး ရန်ကုန်ဆိပ်ကမ်းက မခွာရသေးတဲ့ ငါးကွန်တိန်နာတွေလည်း ရှိနေတယ်လို့ ငါးလုပ်ငန်းအဖွဲ့ချုပ်က ထုတ်ပြန်ပါတယ်။
ငါးလုပ်ငန်းရှင်တယောက်က “ဆော်ဒီကို နှစ်လပိုင်း၊ သုံးလပိုင်း သွားနေတာတွေက လုံးဝ ပြန်မဝင်တာတွေ အများကြီးရှိတယ်။ ဒါကလည်း ကမ္ဘာနဲ့ချီပြီး ဖြစ်တာဆိုတော့ ကိုယ့်တယောက်တည်း ဖြစ်နေတာ မဟုတ်ဘူး။ ကမ္ဘာအနှံ့ ဖြစ်နေတာဆိုတော့၊ အခု သွားတော့ သွားနေကြတယ်။ ဘယ်ဘက်တွေ သွားနေကြလဲ မသိဘူး။ နေ့တိုင်းတော့ လာပြီး ထောက်ခံစာတွေ လာနေတာဆိုတော့ အရမ်းကြီးတော့ အခြေအနေမဆိုးသေးဘူးလို့ ထင်တယ်။ ဒါပေမဲ့ မွေးမြူရေးသမားတွေကတော့ မကိုက်လို့ဆိုပြီး ဆက်ပြီးမမွေးတောတာတွေ များတာပေါ့နော်။ အစာဈေးက အရမ်းကြီးတော့ ရောင်းရင်လည်း ရှုံးမှာပဲဆိုတော့ မွေးမြူရေးက ကျမှာ။ နောက် ဖမ်းဆီးရေးကလည်း ဆီမရှိရင် ဖမ်းလို့မရတော့ လာမဲ့နှစ်က ဘယ်လိုဖြစ်မလဲ မသိဘူး။ ခန့်မှန်းရ ခက်တယ်။ ဆီဈေးကလည်း အရမ်းကြီးတော့။ လုပ်နိုင်လား မလုပ်နိုင်လား ဆိုတာ။ ဈေးကလည်း ဘယ်လိုဖြစ်မလဲဆိုတော့” လို့ ပြောပါတယ်။
ငါးမွေးသူ လုပ်ငန်းရှင်တယောက်ကတော့ ငါးဈေးကွက်အရောက် ငါးလာပို့ရင်း ခေါင်းငိုက်စိုက် ကျနေပါတယ်။
အရင်ကလို ကျပ် သိန်း ၅၀၀ ရင်းရင် သိန်း ၃၀၀ မြတ်ပေမဲ့ အခုတော့ အရင်းနဲ့အရှုံးကြားမှာ လုပ်ငန်းလည်ပတ်နိုင်အောင် ရပ်တည်နေရတယ်လို့ ပြောပါတယ်။
အစာဈေးတွေလည်း ကြီးတာကြောင့် ငါးတွေကိုလည်း နှစ်ပေါက်အောင် တပိဿာခွဲအထိ မထားနိုင်တော့ပဲ ၈၀ သား၊ ၉၀ သားနဲ့ ထုတ်ရောင်းနေရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ငါးကြီးထွားမှုကောင်းတဲ့ မိုးရာသီကို မစောင့်နိုင်တော့ဘဲ ဈေးကိုက်သလို ထုတ်ရောင်းပြီး နွေရာသီမှာလည်း ငါးအစားထိုး ပြန်မွေးနေတယ်လို့ ပြောပါတယ်။
ငါးမွေးသူလုပ်ငန်းရှင်တယောက်က “အရင်တုန်းကလိုတော့ လုပ်လို့မရဘူးပေါ့။ အရင်တုန်းကတော့ အိတ်စ်ပို့တ် မွေးတယ်လေ။ အခုကတော့ အိတ်စ်ပို့တ်မွေးလို့ မရတော့ဘူးပေါ့။ အစာကျွေးတဲ့ဟာနဲ့ ကိုက်ရင် ဖော်ရတာပဲ။ အိတ်စ်ပို့တ်ပို့တဲ့ငါးမွေးတဲ့ အပြောင်းအလဲက ဘယ်လိုဖြစ်သွားလဲဆိုတော့ ဆိုဒ်ကြီးတွေက မွေးတော့မွေးတယ်၊ အစာဈေးနဲ့မကိုက်တော့ ဖော်တဲ့အခါကျတော့ အရှုံးပေါ်တယ်။ မနှစ်ကဆိုရင် ရှုံးတယ်။ ဘင်္ဂလားဒေ့ရှ်တို့ ပို့တဲ့ဟာကို ရောင်းရတာလေ။ အိတ်စ်ပို့တ်က။ လက်ရှိအခြေနေကတော့ ကျနော်တို့ ဆိုဒ်သေးပဲမွေးတယ်။ အိတ်စ်ပို့တ်ဈေးကွက်ကိုက အပြောင်းအလဲဖြစ်သွားတာ။ စက်ရုံတွေ ကုမ္ပဏီတွေက မဆွဲတော့ Local ပဲ ရောင်းရတော့တာ။ ဘယ်လောက်ထိ ကွာသွားလဲဆိုရင် တော်တော်လေးကို ကွာသွားတယ်။ အရင်တုန်းကဆို ၅၀၀ လောက်ရင်းရင် ၃၀၀ လောက်မြတ်တယ်။ အခုဆိုရင် မသေချာဘူး။ အရှုံးနဲ့ အရင်းပဲ အဲ့လိုပဲ သွားနေတယ်။ လုပ်ငန်းလည်ပတ်ဖို့ပဲ သွားနေရတာပေါ့” လို့ ပြောပါတယ်။
အစိုးရအဆက်ဆက် စိုက်ပျိုးမွေးမြူရေးကို အခြေခံပြီး တခြားစီးပွားကို မြှင့်တင်ဖို့ ရည်ရွယ်ထားကြပြီး လက်ရှိ စစ်အာဏာရှင်သမ္မတ လက်ထက်မှာလည်း အာဏာသိမ်းစ ကာလကတည်းက နွေစပါးစိုက်ဧက ထက်ဝက်တိုးဖို့၊ ပြည်တွင်းစားသုံးဆီဖူလုံဖို့ ဆီထွက်သီးနှံ တိုးစိုက်ဖို့ ပြောဆိုခဲ့တာတွေ ရှိပါတယ်။
ဒါ့အပြင် ဧပြီ ၁၁ ရက် သမ္မတကတိသစ္စာပြုပွဲမှာလည်း စိုက်ပျိုးမွေးမြူရေးနဲ့ SMEs လုပ်ငန်းတွေကို ဘက်ပေါင်းစုံက မြှင့်တင်ဖို့ စစ်အာဏာရှင်က ပြောကြားထားပေမဲ့ လောစာဆီမရလို့ စပါးတွေ မရိတ်ရတာ၊ မိုးရာသီစိုက်ပျိုးချိန်အတွက် ထွန်ယက်ဖို့ စက်သုံးဆီစုဆောင်းသူ လယ်သမားကို ဖမ်းဆီးတာ၊ ငါးတွေ လောင်စာဆီ အခက်အခဲကြောင့် မတင်ပို့နိုင်ဘဲ ပုပ်ကုန်တာ၊ ငါးမွေးမြူရေးလုပ်ငန်း ကျဆင်းလာတာတွေအတွက် ငါးတကောင်၊ စပါးတစေ့မှ အလေအလွင့်မဖြစ်ဘဲ စနစ်တကျ စားသုံးတင်ပို့နိုင်အောင် လုပ်ဆောင်နိုင်တဲ့ အခြေအနေမှာ မရှိဘဲ လယ်သမားတွေ စက်သုံးဆီစုဆောင်းမှုနဲ့ ဖမ်းဆီးခံရတာတွေတောင် ရှိနေပါတယ်။
လက်ရှိ စစ်အာဏာရှင်လက်ထက် လုပ်ငန်းငွေကြေး အကျပ်အတည်းနဲ့ပတ်သက်ပြီး ငါးလုပ်ငန်းလုပ်ကိုင်ခဲ့တဲ့ လုပ်ငန်းတလျှောက်မှာ အဆိုးရွားဆုံးပဲလို့ ငါးလုပ်ငန်းနဲ့ ဆက်စပ်သူတွေက ပြောဆိုကြပြီး ဒီအကျပ်အတည်းက မသွားရမလာရ ကန့်သတ်ထားတဲ့ ကိုဗစ်ကာလကထက် ပိုပြီးဆိုးရွားတယ်လို့ ပြောကြပါတယ်။
၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်မှာ ရေထွက်ကုန်တင်ပို့မှုကနေ အမေရိကန်ဒေါ်လာ ၆၈၇ သန်းကျော် ရရှိခဲ့ပြီး မြန်မာတနိုင်ငံလုံးမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ငါးလပိုင်းစာရင်းအရ ငါး၊ ပုဇွန်၊ ကဏန်း မွေးမြူသူပေါင်း ၂၉,၀၀၀ ကျော်ရှိပြီး မွေးမြူထားတဲ့ စုစုပေါင်းဧက ၄၇၀,၀၀၀ ကျော်ရှိကြောင်း ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။
ဟန်န










