DVB Logo
Home
မြန်မာသတင်း
ပုသိမ်သင်္ကြန်ပွဲတွင် သနပ်ခါးသင်္ကြန်မဏ္ဍပ် ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပမည်
DVB
·
March 31, 2026
စတင်တည်ဆောက်နေသည့် ပုသိမ် ဗဟိုမဏ္ဍပ်။ (Photo: တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူ)
စတင်တည်ဆောက်နေသည့် ပုသိမ် ဗဟိုမဏ္ဍပ်။ (Photo: တိုင်းအစိုးရအဖွဲ့နှင့် နီးစပ်သူ)
Donate to DVB

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကျင်းပမဲ့ အခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အတွင်း ပထမဆုံး အကြိမ်အဖြစ် သနပ်ခါးသင်္ကြန်မဏ္ဍပ်ကို ထည့်သွင်းကျင်းပသွားဖို့ ပြင်ဆင်နေတယ်လို့ စစ်ကောင်စီ တိုင်းသင်္ကြန်ပွဲကော်ကျင်းပရေး ကော်မတီနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

အခုနှစ်အတာသင်္ကြန်ပွဲတော်ကို ပုသိမ်မြို့ရဲ့ ကမ်းနားလမ်း ရှုခင်းသာရင်ပြင်မှာ လမ်းလျှောက် သင်္ကြန်မဏ္ဍပ်တွေ၊ စတုဒိသာမဏ္ဍပ်တွေ၊ ရေကစားမဏ္ဍပ်တွေကို အရင်နှစ်တွေလို ပြုလုပ်မှာဖြစ်ပြီး အခုနှစ်မှာ ထူးခြားမှုအနေနဲ့ သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းကျင်းပသွားဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

တိုင်းသင်္ကြန်းပွဲတော် ကျင်းပရေးကော်မတီနဲ့ နီးစပ်သူက “တိုင်းမြို့တော် ပုသိမ်က အတာ သင်္ကြန်ပွဲတော်ကို စည်ကားစွာကျင်းပနိုင်ဖို့ တိုင်းစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဆောင်ပြီး လုပ်ငန်း အစည်းအဝေးတွေ လုပ်ခဲ့ပါပြီ။ ကြိုတင်ပြင်ဆင်မှုတွေကို ကော်မတီတွေအလိုက် လုပ်နေပါတယ်။ အခုနှစ် သင်္ကြန်ပွဲမှာ သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းကျင်းပသွားပါမယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတိုင်းဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ ရေကစားမဲ့ တိုင်း (ဗဟို) သင်္ကြန်မဏ္ဍပ်ကို မတ် တတိယ အပတ်ကစလို့ ပုသိမ်မြို့ကကမ်းနားလမ်းရှိတလျှောက်မှာ အလျားပေ ၂ဝဝ၊ အနံပေ ၆၀ ဖျော်ဖြေရေးမဏ္ဍပ်တွေ၊ ဧည့်ခံရေးမဏ္ဍပ်တွေနဲ့ ရေကစားမဏ္ဍပ်တွေပါ ပူးတွဲတည်ဆောက်နေတယ် လို့ သိရပါတယ်။

ပုသိမ်မြို့ခံအမျိုးသမီးတယောက်က “တိုင်းအစိုးရရဲ့ လမ်းညွှန်ချက်နဲ့ ပုသိမ်သင်္ကြန်ပွဲကို စည်ကားစေဖို့ အပြင်းအထန် ပြင်ဆင်နေတာတွေ့ရတယ်။ ပုသိမ်မှာ ထူးခြားမှုအဖြစ် သနပ်ခါးသင်္ကြန်မဏ္ဍပ် ထည့်သွင်းပြီးကျင်းပတာက ပထမဆုံးပါပဲ။ စက်သုံးဆီ အခက်အခဲကြောင့် အခုနှစ် သင်္ကြန်ကို ရေကစားဖို့ စိတ်ဝင်စားသူ နည်းနေပါတယ်” လို့ ပြောပါတယ်။

အခုနှစ် ပုသိမ်က အတာသင်္ကြန်ပွဲတော်ကို အစည်ကားဆုံးဖြစ်အောင် ဦးဆောင်ကျင်းပဖို့ လုပ်နေပေမဲ့ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက်ဆိုကာ လမ်းလျှောက်သင်္ကြန် အပါအဝင် ဗဟိုမဏ္ဍပ်နဲ့ တခြားမဏ္ဍပ်တွေကို ပုသိမ်မြို့ ကမ်းနားလမ်းမှာ တစုတစည်းတည်း တည်ဆောက် ကျင်းပသွားဖို့ စစ်ကောင်စီခန့် တိုင်းအစိုးအဖွဲ့ဝန်ကြီးချုပ်က ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပုသိမ်ဗဟိုမဏ္ဍပ် အပါအဝင် ရေကစားမဏ္ဍပ်တွေမှာ သင်္ကြန်ပွဲကို အဖျက်အမှောင့် မလုပ်နိုင်စေဖို့ အထူးလုံခြုံရေးအစီအစဉ်တွေနဲ့ ပြုလုပ်ဖို့ပါ ညွှန်ကြားထားတယ်လို့ တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013