
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲ နှစ်ပတ်တာ ယာယီ အပစ်ရပ်ရေး သဘောတူခဲ့ကြပြီး၊ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ပေးဖို့ ခြွင်းချက်နဲ့ သဘောတူထားပါတယ်။
လက်ရှိအချိန်ထိ ဟော်မုဇ်ကို ဖြတ်ဖို့ အီရန်ရေတပ်ထံ ခွင့်ပြုချက်ယူဖို့ လိုပြီး၊ တိုက်ပွဲတွေ အမြန်ဆုံးရပ်တန့်ဖို့ အရှေ့အလယ်ပိုင်းရောက် မြန်မာသင်္ဘောသားတွေက မျှော်လင့်နေကြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် နှစ်ပတ်တာ ယာယီ အပစ်ရပ်ရေးကို သဘောတူထားကြောင်း ကြေညာထားပြီး၊ အီရန်နဲ့ အစ္စရေးနိုင်ငံတို့လည်း အခြေအနေ တည်ငြိမ်လာပါက တိုက်ပွဲတွေ ရပ်တန့်နိုင်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ မြေပြင်အခြေအနေအရ ဟော်မုဇ်ရေလက်ကြားကို လက်ရှိအချိန်အထိ မဖွင့်သေးဘဲ သင်္ဘောတွေ ဝင်ထွက်လိုပါက အီရန်ရေတပ်ထံ ခွင့်ပြုချက် တောင်းယူရတဲ့ အခြေအနေ ရှိနေပါတယ်။ အဲဒီလို အခြေအနေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ ရောက်ရှိနေတဲ့ မြန်မာသင်္ဘောသားတွေက သတင်းတွေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး ရေလက်ကြားအမြန်ဖွင့်ဖို့ မျှော်လင့်နေကြပါတယ်။
ဟော်မုဇ်ရောက် မြန်မာ သင်္ဘောသားတယောက်က “ဒီ အပစ်ရပ်တာက ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ဖို့အတွက်က အရေးကြီးပါတယ်။ ကျနော်တို့ သင်္ဘောတွေအတွက်က အခြေအနေ အနည်းငယ် ပြန်တည်ငြိမ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ အပစ်အခတ် ရပ်စဲတယ်ဆိုတာ ယာယီပဲဖြစ်တဲ့အတွက် အပြည့်အဝ လုံခြုံသွားပြီလို့ မဆိုနိုင်သေးဘူး။ ကျနော်တို့လည်း ဒီလုံခြုံရေး စည်းကမ်းတွေ လိုက်နာပြီးတော့ နေနေကြပါတယ်။ သတင်း အချက်အလက်တွေကိုလည်း မပြတ် ကြည့်နေပါတယ်။ ဒီမနက် အခြေအနေကတော့ ဘာအသံမှ မကြားရပါဘူး။ ကျနော်တို့ရှိတဲ့ နေရာမှာ ဘာအသံမှ မကြားဘူး။ အားလုံး အဆင်ပြေပြေပါပဲ။ သင်္ဘောပေါ်မှာ သုံးတဲ့ GPS တွေ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ ဒီအပစ်အရပ် သဘောတူညီချက်က အတည်ဖြစ်ဖို့ မျှော်လင့်တာပေါ။ ဟော်မုဇ်ကိုလည်း မြန်မြန်ဆန်ဆန်ဖွင့်ဖို့ အဓိက မျှော်လင့်တာပေါ့နော်။”
ဖေဖော်ဝါရီ ၂၈ ရက်မှာ စတင်ခဲ့တဲ့ အစ္စရေး-အမေရိကန်နဲ့ အီရန်တို့ နှစ်ဖက် အပြန်အလှန် ပစ်ခတ် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် မတ် ၃ ရက်မှာ ဟော်မုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ခဲ့တာပါ။
အချိန်တလကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် လက်ရှိ ဟော်မုဇ်ရေလက်ကြားမှာ ပိတ်မိနေတဲ့ တချို့သင်္ဘောတွေမှာဆိုရင် ရေနဲ့ အစားအသောက် ပြတ်တောက်မှုတွေ ကြုံနေရပြီး သင်္ဘောသားတွေဟာ လုံခြုံရေးအန္တရာယ်ကို စိုးရိမ်နေကြရပါတယ်။
မြန်မာ သင်္ဘောသားတယောက်က “တချို့ဆိုရင် ရေပြတ်တာ၊ အစားအသောက် ပြတ်တာ အဲလို သင်္ဘောတွေလည်း ရှိတယ်။ မရ ရတဲ့ နည်းလမ်းနဲ့ survive လုပ်နေရတာပေါ့။ သူတို့တွေ အကုန်လုံးလည်း ထွက်ချင်နေကြတာ။ ဘာလို့လဲဆိုတော့ အထဲမှာ မလုံခြုံဘူးလေ။ နေ့တိုင်း ကိုယ့်သင်္ဘောပေါ်များ တခုခု ကျလာမလားလို့ စိုးရိမ်စိတ်က အမြဲတမ်း ရှိနေတာပေါ့။ အမြန်ဆုံး အပြင်ထွက်ရရင် အကောင်းဆုံးပေါ့။ နှစ်ဦး နှစ်ဖက် ပြန်တင်းမာသွားပြီး စစ်တွေ မဖြစ်တဲ့အချိန်ထိ ကျနော်တို့အနေနဲ့ ဒီအတိုင်းရှိနေမှာပေါ့။ စစ်တွေ ပြန်ဖြစ်ကြရင် ကျနော်တို့အတွက် စိုးရိမ်စရာ ရှိတာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့က ကြားထဲမှာ ရောက်နေတာဆိုတော့လေ” လို့ ပြောပါတယ်။
အာရှနိုင်ငံတချို့ဖြစ်တဲ့ ဖိလစ်ပိုင်၊ အိန္ဒိယ၊ တရုတ်နိုင်ငံ တို့ကတော့ သံတမန်ရေး ညှိနှိုင်းမှုတွေကြောင့် သူတို့ရဲ့ ကုန်တင်သင်္ဘောတွေကို ဟော်မုဇ်ရေလက်ကြားကနေ ကန့်သတ်ချက်တွေနဲ့ ဖြတ်သန်းခွင့် ရရှိထားတယ်လို့ သိရပါတယ်။
ယာယီအပစ်ရပ် ကြားကာလအတွင်း တင်းမာမှုတွေ ပြန်လည် မြင့်တက်နိုင်တဲ့အခြေအနေတွေ ရှိနေဆဲ ဖြစ်တာကြောင့် အရှေ့အလယ်ပိုင်းဒေသရောက် မြန်မာသင်္ဘောသားတွေအတွက် လုံခြုံရေး စိုးရိမ်မှုတွေ ဆက်လက်ရှိနေဆဲ ဖြစ်ပါတယ်။










