
YBS ယာဉ်လိုင်းတွေထဲက လိုင်း ၂ လိုင်းကို မသန်စွမ်းသူတွေ အဆင်ပြေစွာ စီးနင်း လိုက်ပါလို့ရမယ့် စံပြယာဉ်လိုင်းတွေအဖြစ် မကြာမီ အကောင်အထည်ဖော်ဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက ပြောပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီး ဒေါ်နီလာကျော် ဦးဆောင်တဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA နဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး အခုလို သဘောတူညီမှု ရခဲ့တာပါ။
မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနေလင်းစိုးက “ဝန်ကြီးက မကြာမီ ဘတ်စ်ကားမှတ်တိုင်တွေ အဆင့်မြှင့်တဲ့အခါ မသန်စွမ်းသူတွေအတွက် ပါအောင် စိစစ်ပေးသွားမှာ ဖြစ်သလို YBS လိုင်းတွေထဲက လိုင်း ၂ လိုင်းမှာ စံပြအနေနဲ့ မသန်စွမ်းသူတွေအတွက် အကောင်အထည်ဖော်ပေးမယ်။ အဲဒီအတွက် ကျနော့်အဖွဲ့အနေနဲ့ ပူးပေါင်းကူညီပေးဖို့ ဆွေးနွေးခဲ့ပါတယ်” လို့ပြောပါတယ်။
လက်ရှိမှာ YBS ကားတွေထဲက ကားတချို့မှာ မသန်စွမ်းသူတွေအတွက် သီးသန့်အရောင်နဲ့ ခုံတွေ သတ်မှတ်ပေးတာ၊ ယာဉ်အခမဲ့ စီးနင်းခွင့်ပေးထားတာတွေ ရှိပေမယ့် အမြင်အာရုံ၊ အကြားအာရုံ ချို့တဲ့သူတွေအတွက်ကတော့ အခက်ခဲတွေ ရှိနေသေးတယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ - မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့










