DVB Logo
Home
မြန်မာသတင်း
ဝါးနန်းတော် မုံရွာမြို့နယ်တွင် တည်ဆောက်မည်
DVB
·
February 15, 2018
ဝါးနန်းတော် မုံရွာမြို့နယ်တွင် တည်ဆောက်မည်
1 / 4
Donate to DVB

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ ဗောဓိတထောင် လေးကျွန်းစကြ်ာ ရပ်တော်မူ ဘုရားရဲ့ အနောက်ဘက်မှာ  ဝါးနန်းတော် (Bamboo Palace) တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဝါးရဲ့ အသုံးဝင်ပုံ၊ တန်ဖိုးရှိပုံ စတဲ့ ဝါးနဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတ ပိုမိုကြွယ်ဝလာစေရေးကို ရည်ရွယ်ပြီး စစ်ကိုင်းတိုင်းအောက်ပိုင်း ဝါးစိုက်ပျိုးသူများအသင်းက ဦးဆောင်ဆောက်လုပ်မှာ ဖြစ်ပါတယ်။

စစ်ကိုင်းတိုင်းအောက်ပိုင်း ဝါးစိုက်ပျိုးသူများအသင်း ဥက္ကဋ္ဌ ဦးသန့်စင်က  “လောလောဆယ်တော့ အစိုးရအဖွဲ့ကို အကြောင်းကြားထားတယ်။ ရပ်တော်မူ နောက်ကျောမှာ နေရာတော့ ကြည့်ထားတယ်။ အဓိကကတော့ ကျေးလက်နေပြည်သူတွေ ဝါးနဲ့ပတ်သက်တဲ့ အသိပညာတွေ ကျယ်ကျယ်ပြန့်ပြန့် သိလာစေချင်တယ်။ နောက်ပြီး တပိုင်တနိုင် ဝါးစိုက်ပျိုးတာတွေ၊ အစုအဖွဲ့ပိုင် ဝါးစိုက်ခင်းတွေ ပေါ်ပေါက်လာရေးကိုလည်း ကြိုးစားနေပါတယ်။ လိုအပ်တဲ့ နည်းပညာ၊ မျိုးစေ့တွေကို ဝါးအသင်းကနေ ကူညီပေးသွားမှာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသမှာတော့ မျှင်ဝါး၊ တင်းဝါး၊ ကျစ်သောင်းဝါး၊ တိုက်ဝါး စတဲ့ ဝါးမျိုးစိတ်တွေကို စိုက်ပျိုးကြပါတယ်။ ဝါးကို ကျေးလက်ဒေသတွေမှာ ပုံစံအမျိုးမျိုးနဲ့ အများဆုံး အသုံးပြုကြပေမယ့် တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် အသုံးပြုတာ၊ တာရှည်ခံအောင် အသုံးပြုတာ၊ ဝါးကနေ တခြား လူသုံးကုန်ပစ္စည်း လုပ်တာတွေကတော့ နည်းပါးနေပါသေးတယ်။

စစ်ကိုင်းတိုင်းအတွင်း ဝါးစိုက်ပျိုးမှု မြင့်တက်လာစေရေးအတွက် ဆောင်ရွက်နေပြီး  ဝါးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ရင် ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မယ်လို့လည်း ယုံကြည်ထားကြပါတယ်။

ကနီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးထွန်းထွန်းဝင်းက “ကျနော်တို့ ကနီမြို့နယ်မှာတော့ မြေလွတ်မြေလပ်မြေရိုင်း ဧရိယာ ၅ သောင်းအထက်မှာ ရှိသေးတယ်။ ဝါးကို တွင်တွင်ကျယ်ကျယ် စိုက်လာရင် ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်း၊ လူမှုစီးပွားဘဝတွေ ပိုမိုတိုးတက်လာမယ်။ အဓိကကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို လျော့ကျလာစေနိုင်မယ်။ ပျက်စီးနေတဲ့ သဘာဝပတ်ဝန်းကျင်လည်း ပြန်လည်ကုစားနိုင်မယ်။ ကျနော်တို့ သိသလောက်ကတော့ ဝါးက လူတွေအတွက်ကော၊ သဘာဝပတ်ဝန်းကျင်အတွက်ပါ အများကြီး အထောက်အကူပြုပါတယ်”လို့ ပြောပါတယ်။

မြန်မာနိုင်ငံက ကမ္ဘာပ်ါမှာ တတိယအများဆုံး ဝါးတောဧရိယာ ပိုင်ဆိုင်တဲ့ နိုင်ငံ ဖြစ်ပေမယ့် ဝါးကနေ ဝင်ငွေရရှိမှုက နည်းပါးနေပါတယ်။

လတ်တလော မုံရွာ မြို့တော်ခန်းမမှာလည်း ဂျပန်၊ ကိုရီးယားက ပညာရှင်တွေနဲ့ ဝါးအသိပညာပေး ဟောပြောပွဲ လုပ်ဖို့လည်း စီစဉ်နေပါတယ်။ ဒါ့အပြင် သင်္ကြန်ကာလမှာလည်း မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း သဲသောင်ပြင် လမ်းလျှောက်သင်္ကြန်မှာ ဝါးကနေ ထုတ်လုပ်ထားတဲ့ တန်ဖိုးမြှင့် ထုတ်ကုန် အရောင်းပြခန်းတခုကိုလည်း ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013