
အခုနှစ်ရဲ့ ၁၂ ခုမြောက် တိုင်ဖွန်းဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်းနူးရ်ဟာ ဇူလိုင် ၂၆ ရက် မနက် ၃ နာရီ မိနစ် ၅၀ လောက်မှာ တရုတ်နိုင်ငံတောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ဟွေ့ကျိုးမြို့၊ ဟွေ့တုံမြို့နယ်ကနေ ကုန်းတွင်းကို ဝင်ရောက်ခဲ့ပြီး မိုးသက်လေပြင်းတွေ တိုက်ခတ်ကာ မိုးသည်းကြီးမည်းကြီး ရွာခဲ့တယ်လို့ အမျိုးသားမိုးလေဝသဌာန (NMC) က ပြောပါတယ်။
ကုန်းတွင်းဝင်ရောက်ချိန်မှာ မုန်တိုင်းရဲ့ ဗဟိုအနားမှာ အများဆုံးလေတိုက်နှုန်း Force 14 အထိ ရှိခဲ့တယ်လို့ NMC က ပြောပါတယ်။
ညနေ ၅ နာရီမှာ တိုင်ဖွန်းဟာ ဟွေ့ကျိုးမြို့က ဒါယာ ပင်လယ်အော်ဆီ ရွေ့လျားခဲ့ပြီး ပြင်းအားက Force 13 ဆီ နည်းနည်း လျော့ကျခဲ့ပါတယ်။
မုန်တိုင်းဟာ တနာရီ ၁၀ ကီလိုမီတာကနေ ၁၅ ကီလိုမီတာအထိ အနောက်မြောက်ဘက်ဆီ ရွေ့လျားနေပြီး ကုန်းတွင်းပိုင်းကို ပိုရောက် လာတာနဲ့အမျှ တဖြည်းဖြည်း အားနည်းသွားဖို့ မျှော်လင့်ထားပါတယ်။
တိုင်ဖွန်းနူးရ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ပုလဲမြစ်ဝရဲ့ အရှေ့ဘက်ကနေ ကုန်းတွင်းဝင်ရောက်ခဲ့တဲ့ အင်အားအပြင်းဆုံး တိုင်ဖွန်းပါ။
လေပြင်းတိုက်တာ၊ မိုးသည်းပြီး လှိုင်းကြီးတာလို အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲ အကျိုးသက်ရောက်မှုတွေ ရှိမယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပြီး ရေကြီး မြေပြိုခြင်း အပါအဝင် ပြင်းထန်တဲ့ ဒုတိယဆင့် ဘေးအန္တရာယ်တွေ ဖြစ်ပွားနိုင်ခြေကို သိသိသာသာ မြင့်တက်စေပါတယ်။
စနေနေ့မှာ မုန်တိုင်းမဝင်မီ နိုင်ငံရဲ့ တိုင်ဖွန်းသတိပေး စနစ်မှာ အမြင့်ဆုံးအဆင့် အနီရောင် သတိပေးချက်ကို NMC က စတင်ထုတ်ပြန်ခဲ့ပါတယ်။
တနင်္ဂနွေနေ့ ည ၈ နာရီအထိ ကွမ်တုံပြည်နယ် အလယ်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်း၊ ဖှုကျန့် ပြည်နယ်တောင်ပိုင်း၊ ကျန်းရှီး ပြည်နယ်တောင်ပိုင်း၊ ဟူနန်ပြည်နယ် အရှေ့တောင်ပိုင်းနဲ့ ထိုင်ဝမ်ကျွန်း အရှေ့တောင်ပိုင်းတို့မှာ မိုးသည်းမယ်လို့ မျှော်လင့်ထားပါတယ်။
Source: Reuters/CCTV











