DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရ၏ကြိုးပမ်းချက် အာဆီယံထောက်ခံ
DVB
·
February 8, 2018
ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရ၏ကြိုးပမ်းချက် အာဆီယံထောက်ခံ
Donate to DVB

ရခိုင်ပြည်နယ် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းတွေအကြား သဟဇာတဖြစ်စေရေးနဲ့ ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရရဲ့ ကြိုးပမ်းချက်တွေကို ထောက်ခံကြောင်း အာဆီယံက ကြေညာပါတယ်။

စင်ကာပူနိုင်ငံမှာ ဖေဖော်ဝါရီ ၆ ရက်က ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးအပြီးမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း မြန်မာအစိုးရရဲ့ လူသားချင်းစာနာကူညီရေး အစီအစဉ်တွေကို ဆက်ထောက်ခံအားပေးသွားမယ်၊ မြန်မာအစိုးရ ဆောင်ရွက်နေတဲ့ နေရပ်စွန့်ခွာသူတွေ ကူညီရေးလုပ်ငန်းစဉ်မှာ အာဆီယံ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးဗဟိုဌာန (AHA Centre) က ပါဝင်ဆောင်ရွက်နေမှုကို ကြိုဆိုတယ်၊ နေရပ်စွန့်သူတွေ ပြန်ပို့ဖို့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လက်မှတ်ရေးထိုးနိုင်တာ၊ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးချက်တွေ အကောင်အထည်ဖော်ရေး အကြံပေးဘုတ်အဖွဲ့ တည်ထောင်နိုင်တာကို  အာဆီယံဝန်ကြီးတွေက ထောက်ခံတယ်လို့လည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီအစည်းအဝေးမှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် တက်ရောက်ခဲ့ပြီး ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်နေရာချထားရေးအတွက် မြန်မာနိုင်ငံဘက်မှာ ပြင်ဆင်ဆောင်ရွက်နေမှုတွေကို ရှင်းလင်းပြောကြားခဲ့တယ်လို့ နိုင်ငံခြားရေးဌာနက သတင်းထုတ်ပါတယ်။

ရခိုင်ပြဿနာမှာ ဘာသာရေးကိစ္စ မဟုတ်ဘဲ တရားမဝင် လူဝင်မှုကိစ္စ၊ တရားဥပဒေစိုးမိုးရေး ကိစ္စဖြစ်တယ်၊ သဘာဝအရင်းအမြစ် ပြိုင်ဆိုင်ရယူလိုမှုကိစ္စနဲ့ ဆင်းရဲနွမ်းပါးမှုတို့ ပါဝင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး ပြဿနာဖြစ်တယ်၊ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာ ဖြေရှင်းပေးဖို့ အလေးထားကြိုးပမ်းနေစဉ် ARSA အကြမ်းဖက်အုပ်စုက နိုင်ငံတကာက အာရုံစိုက်လာအောင် အကြမ်းဖက်မှုတွေ၊ လှုံ့ဆော်မှုတွေနဲ့ သတင်းမီဒီယာတွေက တဆင့် မဟုတ်မမှန်သတင်းတွေ ဖြန့်ချိကာ ပြဿနာကို ပိုမိုဆိုးရွားအောင် ဖန်တီးလာခြင်းဖြစ်တယ်၊ ရှုပ်ထွေးနေတဲ့ ပြဿနာကို မီးလောင်ရာလေပင့် လုပ်ရပ်တွေ၊ လူမှုအသိုင်းအဝန်းနှစ်ခုအကြား ပိုမိုကွဲပြားစေမယ့် ကြိုးပမ်းဆောင်ရွက်မှုတွေကို အားမပေးကြဖို့ ဝန်ကြီး ဦးကျော်တင်က ပြောကြားခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို စင်ကာပူနိုင်ငံက တာဝန်ယူထားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာတော့ ကြံ့ခိုင်နိုင်စွမ်းရှိပြီး တီထွင်ဆန်းသစ်တဲ့ အာဆီယံ ဖြစ်ထွန်းလာရေးအတွက် အာဆီယံနိုင်ငံခေါင်းဆောင်တွေ မျှော်မှန်းချက်ချမှတ်ရေး၊ အာဆီယံ အဆင့်မြင့်နည်းပညာမြို့တော်တွေ ကွန်ရက်တည်ထောင်ရေးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအကြား ဆိုက်ဘာလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး စတဲ့ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဓာတ်ပုံ - MOFA

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013