DVB Logo
Home
မြန်မာသတင်း
မြဝတီလမ်းဟောင်းတွင် တိုက်ပွဲပြင်းထန်၊ စစ်တပ်စခန်းတခုကို KNLA သိမ်းပိုက်
DVB
·
February 7, 2018
Photo:DVB
Photo:DVB
Donate to DVB

ကော့ကရိတ်- မြဝတီလမ်းဟောင်း အောက်ဗိုလ်တဲအနီးတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး  စစ်ကောင်စီတပ်က သိမ်းပိုက်ထားတဲ့ တပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ အမှတ် ၃၁ ဗျူဟာ၊ စစ်ကြောင်း တာဝန်ရှိသူက  ပြောပါတယ်။ 

ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းနဲ့ ဒေါနတောင်(အောက်ဗိုလ်တဲ)လမ်းကို စစ်ကောင်စီက အပြည့်အဝထိန်းချုပ်နိုင်ဖို့  လက်နက်ကြီးနဲ့ ဒရုန်းပစ်ကူရယူပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေတာကြောင့် အောက်ဗိုလ်တဲအနီး တဝိုက်က ကျေးရွာတွေမှာ  နေ့တိုင်းလိုလို KNLA လက်အောက်ခံ တပ်ရင်းတွေ၊ အမှတ် ၃၁ ဗျူဟာ၊ ပူးပေါင်းစစ်ကြောင်းတွေနဲ့  တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အမှတ် ၃၁ ဗျူဟာ၊စစ်ကြောင်း တပ်ရင်းမှူး ဗိုလ်ကျော်ဟိန်းက  “သူတို့ယူထားတဲ့ နေရာတနေရာ ပြန်ရတယ်။ ကိုယ်ဘက်က ထိခိုက်အနည်းအကျဉ်းတော့ ရှိတယ်။ ရန်သူဘက်ကတော့ ပထမနေ့က  ၄ ယောက် ကျတယ်။ ၃၀၊ ၄၀ ဒဏ်ရာရတယ်။ နောက်တနေ့ကျတော့ ဒီကောင်တွေ တော်တော် များများထိတယ်။ သေတာလည်း ရှိတယ်။ ဒီကောင်တွေ အလောင်းတောင် ကျနော်တို့ ရထားတယ်။ အဲဒီ ဒုတိယနေ့မှာ ကျနော်တို့လူ နည်းနည်းထိခိုက်များသွားတယ်။  ၄ ယောက်ကျပြီးတော့ ၄ ယောက် ဒဏ်ရာရတယ်။ ရန်သူဘက်ကတော့ အကျအဆုံးများတယ်။ မရှိရင် ၁၀ ယောက် အထက်ပဲ” လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ်ဘက်က ကျုံဒိုး- နဘူးလမ်းအတိုင်း နဘူးခြေစိုက် ခမရ  ၅၄၇၊ ခမရ ၅၄၈ တပ်ရင်းတွေကတဆင့်  နေ့တိုင်းလိုလို လူ၊ လက်နက်ခဲယမ်း၊ ဖြည့်တင်းနေတယ်လို့ ကရင်စစ်ရေး လေ့လာသူတွေက ပြောပါတယ်။ 

ဒါကြောင့် နှစ်ဖက်တိုက်ပွဲတွေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေ စစ်ကြောင်းထိုးနေတာ၊ မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ လေကြောင်းကနေ ဗုံးကြဲနေတာကြောင့် ထီဖိုးစံ၊ နန်းရွှေမိတ်၊ မိဖာလဲ့၊‌ စော်ဟဲ၊ နောင်တပွဲ၊ နောင်ကိုင်း၊ နောင်တပ္ပံ၊ မြပတိုင်၊ နောင်မိစတဲ့ကျေးရွာ ၂၀ က သောင်းနဲ့ချီတဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ စစ်အင်အားတိုးချဲ့လာတဲ့အတွက် စစ်ရှောင် ပြည်သူတွေဟာ ထပ်မံစစ်ရှောင်နေရတယ်လို့ စစ်ရှောင်တွေက ပြောပါတယ်။ 

စစ်ရှောင်တယောက်က “လူအင်အား စစ်အင်အားတိုးချဲ့လာတဲ့အတွက် ပြည်သူတွေအနေနဲ့ ပိုပြီးတော့ ကြောက်လန့်တကြားဖြစ်လာတာပေါ့နော်။ လူတွေမှာ အသက်အန္တရာယ်ကအစ စိုးရိမ်နေ ရတော့ ပြေးလွှားပြီးတော့ ဗုံးပဲကြဲမလား။ အပေါ်ကနေ လက်နက်ကြီးနဲ့ပဲထုမလား အဲဒီလိုမျိုး စစ်ဘေး တိမ်းရှောင်နေရတာ။ အခုလို ပြေးလွှားနေရတဲ့အတွက် စစ်ရှောင်ပြည်သူတွေမှာ အဝတ်တထည်ကိုယ်တခုနဲ့ စားစရာကအစ ပြေးလွှားနေရတော့ ပိုပြီး ခက်ခဲလာတာပေါ့။ ပြည်သူ တွေက စိုးရိမ်ပြေး လွှားနေရတဲ့အတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်း ကိုယ်အိမ်လေးမှာ ကိုယ်နေချင်ကြတယ်” လို့ ပြောပါတယ်။

ကော့ကရိတ်-မြဝတီ (အာရှလမ်း)ကို စစ်တပ်က အပြည့်အဝထိန်းချုပ်နိုင်ဖို့ ကြိုးစားနေသလို တဖက်မှာလည်း  မြဝတီမြို့တောင်ဘက် ဝေါလမ်းလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်တပ်က လက်နက်ကြီး၊ ဒရုန်းပစ်ကူတွေနဲ့ စစ်ကြောင်းထိုးနေတာကြောင့်  ဖလူးကျေးရွာနဲ့ မင်းလက်ပံကျေးရွာအနီးမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်း စစ်ကြောင်းတွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

အောင်ခန့် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013