
ထိုင်းအရှေ့မြောက်ပိုင်း ယာ့ဆိုထွဏ်းခရိုင်ထဲမှာ မူလတန်းကျောင်းသားငယ် ၁၄၇ ယောက် အစာအဆိပ်သင့်ခဲ့တာကြောင့် စာသင်ကျောင်း ၂ ရက် ပိတ်ထားရတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ယာ့ဆိုထွဏ်းခရိုင်၊ ယာ့ဆိုထွဏ်းမြို့ မြို့တော်စည်ပင်သာယာကျောင်းက ကျောင်းသားငယ်လေးတွေဟာ ဇွန် ၁၀ ရက် မနက်ပိုင်းက တပြိုက်နက်တည်းလို အော့အန်တာ၊ ဗိုက်နာတာ၊ ဝမ်းလျှောတာတွေ ဖြစ်ပွားခဲ့တယ်လို့ မြို့တော်စည်ပင် တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အဲဒီနေ့က ကလေး စုစုပေါင်း ၁၇၄ ယောက် အဆိုပါလက္ခဏာဝေဒနာတွေ ခံစားရပြီး တချို့ကို ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ထားရတယ်၊ ဇွန် ၁၁ ရက်မှာ ကလေး ၅ ယောက် အတွင်းလူနာအဖြစ် ကုသရဆဲဖြစ်တယ်၊ ဆရာဝန်က ဓာတ်ဆားရည်နဲ့ ရောဂါပိုးသတ်ဆေး ပေးထားတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိတော့ဘူး၊ ဖြစ်ပွားရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ဆေးရုံကြီးကတော့ အစာအဆိပ်သင့်တယ်ဆိုပြီး ကနဦး ယူဆတယ်လို့ ဆိုပါတယ်။
ပြည်သူ့ကျန်းမာရေးဌာနနဲ့ မြို့တော်စည်ပင် တာဝန်ရှိသူတွေဟာ အခင်းဖြစ်တဲ့နေ့က ကျောင်းထဲက စားသောက်ဆောင်၊ သောက်သုံးရေနဲ့ ကျောင်းသုံးအိမ်သာတွေကို လာရောက်စစ်ဆေးခဲ့တယ်၊ စားဖိုဆောင်ထဲက အစားအစာနမူနာတွေ ယူဆောင်ပြီး ဆေးရုံကြီး ဓာတ်ခွဲခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါ့အပြင် ကလေးတွေ အန္တရာယ်ကင်းစင်ရေးနဲ့ အထွေထွေသန့်ရှင်းရေးလုပ်ဖို့ ပိုးသတ်ဆေး ပက်ဖျန်းဖို့ အဆိုပါစာသင်ကျောင်းကို ဇွန် ၁၁ မှ ၁၂ ရက်ထိ ပိတ်ထားပြီး စနေ၊ တနင်္ဂနွေအပါ ၄ ရက် သင်ကြားမှု ရပ်နားထားပါတယ်။
အဆိုပါ ထိုင်းအရှေ့မြောက်ပိုင်းဒေသမှာ ဇွန် ၉ ရက်ကလည်း ဥဒွန်းဌာနီမြို့ ခေါက်ဆွဲဆိုင်တဆိုင်မှာ ကွေ့သယို ဝယ်စားတဲ့ ဖောက်သည် ၁၄ ယောက် အစာအဆိပ်သင့်ပြီး ၄ ယောက် ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။
အဆိုပါဖြစ်စဉ်ကတော့ အမှိုက်ပုံက ကောက်ရတဲ့ အဖြူရောင်ဆားတွေကို သာမန် အိမ်သုံးဆားလို့ ထင်မှတ်ပြီး ခေါက်ဆွဲပြုတ်ရည်ထဲ ထည့်ရာက အစာအဆိပ်သင့်မှု ဖြစ်ခဲ့တာပါ။ ဓာတ်ခွဲခန်း အဖြေအရ အဆိုပါအရာတွေဟာ ဆိုဒီယမ်နိုက်ထရိတ်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။
Source: CH7 TV News / Thairath











