DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်တွင် အမုန်းစကား ဖြန့်ဝေမှု ပိုဆိုးရွားနေ 
DVB
·
June 20, 2026
Photo : DVB
Photo : DVB
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လူမှုကွန်ရက်ပေါ် အမုန်းစကားနဲ့ သတင်းတု၊ သတင်းမှား ဖြန့်ဝေမှုတွေ ဆက်တိုက် မြင့်တက်လာနေပြီး လူမှုအသိုင်းအဝိုင်းအတွင်း ပဋိပက္ခနဲ့ သဘောထား ကွဲလွဲမှုတွေကို ပိုမိုကြီးထွားစေတယ်လို့ ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေက သတိပေးနေပါတယ်။

စစ်တပ်နဲ့ ဆက်နွှယ်တဲ့ မီဒီယာတွေနဲ့ လော်ဘီ ကွန်ရက်တွေကနေ လုပ်ကြံဖန်တီးထားတဲ့ သတင်းအချက်အလက်တွေ၊ အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေနေတာတွေ ရှိနေပြီး ပြည်သူလူထုကို ထိန်းချုပ်ဖို့နဲ့ အကြောက်တရား ဖန်တီးဖို့ ရည်ရွယ်တာလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

သတင်းတု၊ သတင်းမှားနဲ့ အမုန်းစကားတွေဟာ အွန်လိုင်းပေါ်မှာသာ ရပ်တန့်မနေဘဲ လူမှုအသိုက်အဝန်းအပေါ် အန္တရာယ်ရှိတဲ့ သက်ရောက်မှုတွေ ဖြစ်ပေါ်စေနိုင်တယ်လို့ ဒစ်ဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

အသံအဖွဲ့ - ဒါရိုက်တာ Zee Pe က "မြန်မာစစ်တပ်ရဲ့ ထိန်းချုပ်ထားတဲ့ မီဒီယာတွေနဲ့ စစ်တပ်ရဲ့ လော်ဘီတွေ၊ သူနဲ့ ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေကနေ လုပ်ကြံ ဖန်တီးထားတဲ့ သတင်း အချက်အလက်တွေ၊ ရည်ရွယ်ချက်ရှိရှိ တမင်တကာ ဖြန့်ဝေနေတာတွေ အများကြီး ရှိတယ်။ အဓိကကတော့ ပြည်သူလူထုကို ထိန်းချုပ်ချင်တာရယ်၊ အကြောက်တရားရဖို့ ခြိမ်းခြောက်ချင်တဲ့ ရည်ရွယ်ချက်ကြောင့် ဖြစ်တယ်။ သတင်းတု သတင်းမှားတွေက ဖြန့်လိုက်ရင် အွန်လိုင်းပေါ်မှာတင် ရပ်တန့်မသွားဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ ပြည်သူလူထုက သတင်းအချက်အလက်တွေကို ဘယ်လို ရယူရမလဲ။ သတင်းမှား သတင်းမှန်ကို ချင့်ချိန်နိုင်စွမ်း အားနည်းတယ်။ တဆင့် တဆင့်ပိုပြီး ပြန့်လွယ်တယ်။ အဲဒီကနေ သဘောထား ကွဲလွဲတာတွေ၊ အကြမ်းဖက်မှုထိကို လှုံ့ဆော်နိုင်တယ်။ အရမ်း အန္တရာယ်ရှိတယ်”လို့ ပြောပါတယ်။

အမုန်းစကားတွေဟာ အွန်လိုင်းပေါ်ကနေ လက်တွေ့ဘဝအထိ သက်ရောက်နိုင်ကြောင်း ၂၀၁၇ ခုနှစ် ရိုဟင်ဂျာအရေးအခင်းက ထင်ရှားတဲ့ သာဓကတခု ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား (IIMM) ရဲ့ တွေ့ရှိချက်တွေအရ စစ်တပ်ဟာ ဖေ့စ်ဘွတ်ခ လူမှုကွန်ရက်ကို အသုံးပြုပြီး ရိုဟင်ဂျာတွေအပေါ် အမုန်းပွားစေတဲ့ အကြောင်းအရာတွေနဲ့ သတင်းတုတွေကို စနစ်တကျ ဖြန့်ဝေခဲ့ကြောင်း ဖော်ပြထားပါတယ်။

ရိုက်တာနဲ့ အေပီသတင်းဌာနတို့ရဲ့ စုံစမ်းဖော်ထုတ်မှုတွေအရ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်မှာ ရိုဟင်ဂျာနဲ့ မူစလင်ဆန့်ကျင်ရေး အမုန်းစကားပို့စ် ပေါင်း ၁,၀၀၀ ကျော် ရှိခဲ့ပြီး ဖေ့စ်ဘွတ်ခ်ကုမ္ပဏီ ဘက်က အချိန်မီ မဖယ်ရှားနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။

Speech Matters Myanmar အဖွဲ့မှ လေ့လာသုံးသပ်သူတယောက်က “အမုန်းစကား ရေးသား ပြောဆိုနေကြတာတွေက အခုလက်ရှိအခြေအနေမှာ Community မှာ တော်တော်လေးကို ကြီးမားတဲ့ သက်ရောက်မှု ရှိတယ်။ သိကြတဲ့အတိုင်းပဲ ကျမတို့ Community က အခုချိန်မှာ ကွဲပြားမှု အများဆုံးနဲ့ ခွဲခြားမှု အများဆုံး ဖြစ်နေတဲ့ အချိန်ပေါ့နော်။ ဆိုတော့ ဒီအမုန်းစကား သေးသေးလေးက Community တခုမှာ ကြီးပွားလိုက်တာနဲ့ တဖက် လူ့အဖွဲ့အစည်းကိုလည်း သွားပြီး ထိခိုက်နစ်နာမှုတွေ ရှိတယ်။ ရိုးရိုး အမုန်းစကားတွေအပြင် ဒါတွေကို သတင်းတု သတင်းအမှားတွေပါ ထပ်ပေါင်းလိုက်လို့ရှိရင် ပုံမှန် အမုန်းစကားတွေကို သတိထားနိုင်တဲ့ လူတွေ ဆိုရင် ဒီလိုမျိုး သို့လောသို့လော ဖြစ်သွားနိုင်တဲ့အခြေအနေတွေ၊ တဖက်လူ့အဖွဲ့အစည်းကို သို့လော သို့လော ဖြစ်သွားနိုင်တဲ့ အခြေအနေတွေ အများကြီး ရှိနိုင်ပါတယ်”လို့ ပြောပါတယ်။

လက်ရှိမှာ အမုန်းစကားနဲ့ သတင်းတု၊ သတင်းမှားတွေဟာ နိုင်ငံရေးအကြောင်းအရာတွေအပြင် ဘာသာရေး၊ လူမျိုးရေး၊ လိင်စိတ်ခံယူမှုနဲ့ ငွေကြေးဆိုင်ရာ ကိစ္စရပ်တွေမှာပါ ပိုမိုကျယ်ပြန့်လာတယ် လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

အွန်လိုင်းပေါ်က အမုန်းစကားနဲ့ သတင်းတု၊ သတင်းမှားတွေကို လျှော့ချနိုင်ဖို့ Media Literacy ပညာပေးလုပ်ငန်းတွေ တိုးချဲ့ဆောင်ရွက်ဖို့၊ Fact-checking လုပ်ငန်းတွေ အားကောင်းလာဖို့နဲ့ လူမှုကွန်ရက်တွေရဲ့ တာဝန်ယူမှု ပိုမိုလိုအပ်နေတယ်လို့လည်း ဒီဂျစ်တယ် အခွင့်အရေး လှုပ်ရှားသူ တွေက ထောက်ပြနေကြပါတယ်။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013