
“အစ်မရေ… အစ်မရဲ့ ဘဏ်အကောင့်မှာ ပြဿနာရှိနေပါတယ်။ အခုချက်ချင်း အတည်မပြုရင် အကောင့်ပိတ်ခံရပါလိမ့်မယ်။”
ဒီလို ဖုန်းခေါ်ဆိုမှုမျိုး၊ စာတိုမျိုး ရဖူးကြပါသလား။ ကိုယ့်ဘဏ်အကောင့် ပိတ်ခံရတော့မယ်ဆိုတဲ့ စကားကြားရတဲ့အခါ ဘယ်သူမဆို စိတ်ပူသွားနိုင်ပါတယ်။ အဲဒီအချိန်မှာ တဖက်လူက ဘဏ်ဝန်ထမ်းလို ယဉ်ယဉ်ကျေးကျေး ပြောဆိုပြီး အကူအညီပေးမယ်ဆိုရင် ယုံကြည်မိဖို့ ပိုလွယ်သွားတတ်ပါတယ်။
ဒါပေမဲ့… ကိုယ့်ကို ကူညီနေသူလို့ ထင်ရတဲ့သူက ကိုယ့်ကို လိမ်လည်ဖို့ ကြိုးစားနေသူ ဖြစ်နိုင်ပါတယ်။
လူလိမ်တွေဟာ လူတိုင်းကို နည်းလမ်းတမျိုးတည်းနဲ့ မလိမ်ကြပါဘူး။ တယောက်ရဲ့ ကြောက်ရွံ့မှုကို အသုံးချသလို နောက်တယောက်ရဲ့ မျှော်လင့်ချက်၊ လိုအပ်ချက်နဲ့ ယုံကြည်မှုကို အသုံးချတတ်ကြပါတယ်။ ဒါကြောင့် ဒီတပတ်မှာ အွန်လိုင်းငွေလိမ်မှုတွေကို ကြိုတင်သိရှိကာကွယ်နိုင်ဖို့ သတိထားရမဲ့ လက္ခဏာ (၇) ချက်ကို မျှဝေချင်ပါတယ်။
(၁) “အခုချက်ချင်း” ဆိုပြီး အလျင်စလို ဆုံးဖြတ်ခိုင်းခြင်း
“ငါးမိနစ်အတွင်း ငွေလွှဲပါ။” “ဒီနေ့နောက်ဆုံးပါ။” “အခုမလုပ်ရင် အခွင့်အရေးဆုံးရှုံးမယ်။” ဒီလိုစကားတွေဟာ လူတယောက်ကို အေးအေးဆေးဆေး စဉ်းစားချိန်မပေးဘဲ ဆုံးဖြတ်ခိုင်းတဲ့ နည်းလမ်းတွေ ဖြစ်ပါတယ်။ တကယ့်အရေးပေါ်ကိစ္စတွေ ရှိနိုင်ပေမဲ့ အလျင်စလို ငွေလွှဲခိုင်းတာ၊ ကိုယ်ရေးအချက်အလက်ပေးခိုင်းတာတွေ ပါလာရင် သတိထားရပါမယ်။ အလျင်လိုနေသူက ကိုယ်မဟုတ်ဘဲ လူလိမ် ဖြစ်နေနိုင်ပါတယ်။
(၂) ကြောက်ရွံ့အောင် ခြိမ်းခြောက်ခြင်း
“ရဲအမှုဖွင့်ထားပါတယ်။”
“အကောင့်ပိတ်ခံရတော့မယ်။”
“ဥပဒေအရ အရေးယူခံရမယ်။”
လူလိမ်တွေဟာ ရဲ၊ ဘဏ်၊ အစိုးရဌာနနဲ့ အခြားအဖွဲ့အစည်းတွေရဲ့ အမည်ကို အသုံးချပြီး ကြောက်ရွံ့အောင် ပြောဆိုတတ်ကြပါတယ်။ တဖက်လူက ဘယ်လောက်ပဲ အာဏာရှိသူလို ပြောပြော ဖုန်းထဲက ပြောဆိုချက်တခုတည်းနဲ့ မယုံကြည်သင့်ပါဘူး။ သက်ဆိုင်ရာဌာနရဲ့ တရားဝင် ဆက်သွယ်ရန်နံပါတ်ကို ကိုယ်တိုင်ရှာဖွေပြီး သီးခြားအတည်ပြုပါ။
(၃) မယုံနိုင်လောက်အောင် ကောင်းတဲ့ အခွင့်အရေးပေးခြင်း
“ငွေတသိန်းထည့်ရင် တပတ်အတွင်း နှစ်သိန်းရမယ်။”
“အလုပ်မလုပ်ဘဲ နေ့စဉ်ဝင်ငွေရမယ်။”
“ဆုကြီးပေါက်ထားလို့ အခွန်အရင်ဆောင်ပါ။”
ဒီလိုကမ်းလှမ်းချက်တွေဟာ လူတွေရဲ့ မျှော်လင့်ချက်ကို အသုံးချနိုင်ပါတယ်။ အထူးသဖြင့် စီးပွားရေးအခက်အခဲရှိသူ၊ အလုပ်ရှာနေသူ၊ မိသားစုဝင်ငွေ တိုးချင်သူတွေအတွက် ပိုမိုဆွဲဆောင်မှုရှိနိုင်ပါတယ်။ အမြတ်အစွန်းများမယ်လို့ အာမခံတဲ့ ရင်းနှီးမြှုပ်နှံမှုတိုင်းကို သေချာစစ်ဆေးဖို့ လိုပါတယ်။ အခွင့်အရေးကောင်းတိုင်း အလိမ်အညာ မဟုတ်ပေမဲ့ အလွန်ကောင်းလွန်းတဲ့ ကမ်းလှမ်းချက်တွေကိုတော့ ပိုပြီးစစ်ဆေးသင့်ပါတယ်။
(၄) လျှို့ဝှက်နံပါတ်နဲ့ ကိုယ်ရေးအချက်အလက် တောင်းခြင်း
“ဖုန်းထဲရောက်လာတဲ့ အတည်ပြုနံပါတ်လေး ပြောပေးပါ။”
“ဘဏ်စကားဝှက် ပို့ပေးပါ။”
“အကောင့်စစ်ဆေးဖို့ မှတ်ပုံတင်နဲ့ ဘဏ်အချက်အလက် ပို့ပါ။”
ဒီလိုတောင်းဆိုမှုတွေဟာ အလွန်အရေးကြီးတဲ့ သတိပေးလက္ခဏာတွေ ဖြစ်ပါတယ်။ တခါသုံးအတည်ပြုနံပါတ် (OTP)၊ ဘဏ်စကားဝှက်၊ ငွေပေးချေမှုအတည်ပြုနံပါတ်တွေကို တခြားသူထံ မပေးသင့်ပါဘူး။ လူလိမ်တွေဟာ ငွေကို တိုက်ရိုက်မတောင်းဘဲ ကိုယ့်အကောင့်ကို ဝင်ရောက်နိုင်မဲ့ အချက်အလက်တွေကို အရင်တောင်းတတ်ကြပါတယ်။
(၅) ကိုယ်သိတဲ့သူအဖြစ် ဟန်ဆောင်ခြင်း
“ငါပါဟာ… ဖုန်းပျောက်သွားလို့ နံပါတ်အသစ်နဲ့ ဆက်တာ။”
“အရေးပေါ် ငွေလိုနေလို့ ခဏလွှဲပေးပါ။”
ဒီလိုစာတွေကို ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးရဲ့ အကောင့်ကနေတောင် လက်ခံရရှိနိုင်ပါတယ်။ လူမှုကွန်ရက်အကောင့်တွေ ဖောက်ထွင်းခံရနိုင်သလို ဓာတ်ပုံနဲ့ အမည်ကို ကူးယူပြီး အကောင့်အတု ဖန်တီးထားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ငွေလွှဲမပေးခင် အရင်က သိထားတဲ့ ဖုန်းနံပါတ်နဲ့ တိုက်ရိုက်ဆက်သွယ်ပါ။ ဖြစ်နိုင်ရင် ဗီဒီယိုခေါ်ဆိုမှုအပြင် မိသားစုဝင်တဦးထံကပါ သီးခြားအတည်ပြုပါ။ အကောင့်ကို သိတာနဲ့ အကောင့်သုံးနေသူကို သိတာ မတူပါဘူး။
(၆) ဘယ်သူ့ကိုမှ မပြောဖို့ တားမြစ်ခြင်း
“ဒီကိစ္စကို မိသားစုကို မပြောပါနဲ့။”
“ဘဏ်ဝန်ထမ်းကို အမှန်မပြောပါနဲ့။”
“ဒီအခွင့်အရေးကို တခြားသူတွေ မသိစေနဲ့။”
လူလိမ်တွေဟာ ကိုယ်ယုံကြည်ရတဲ့သူတွေဆီက အကြံဉာဏ်မရအောင် သီးခြားခွဲထားဖို့ ကြိုးစားတတ်ကြပါတယ်။ အထူးသဖြင့် ငွေကြေးကိစ္စမှာ ဘယ်သူ့ကိုမှ မပြောဖို့ တားမြစ်ခံရရင် သတိထားပါ။ လျှို့ဝှက်ထားခိုင်းလေလေ ယုံကြည်ရသူနဲ့ တိုင်ပင်ဖို့ ပိုလိုအပ်လေလေ ဖြစ်ပါတယ်။
(၇) ငွေပေးချေဖို့ ထူးခြားတဲ့နည်းလမ်းကိုသာ အတင်းတောင်းဆိုခြင်း
“ဒီအကောင့်ကိုပဲ ငွေလွှဲပါ။”
“ငွေကို လုံခြုံတဲ့အကောင့်ဆီ ပြောင်းထားရမယ်။”
“ဒစ်ဂျစ်တယ်ငွေကြေးနဲ့ပဲ ပေးချေပါ။”
လူလိမ်တွေဟာ ငွေပြန်လည်ရယူဖို့ ခက်ခဲတဲ့ နည်းလမ်းတွေနဲ့ ငွေလွှဲခိုင်းတတ်ကြပါတယ်။ တရားဝင်လုပ်ငန်းတွေမှာလည်း ဘဏ်ငွေလွှဲခြင်း၊ ဒစ်ဂျစ်တယ်ငွေပေးချေခြင်းတွေ အသုံးပြုကြပေမဲ့ မသိတဲ့သူက ချက်ချင်းငွေလွှဲခိုင်းတာ၊ ငွေလက်ခံသူအမည် မကိုက်ညီတာ၊ မေးခွန်း မေးခွင့်မပေးတာတွေ ပါလာရင် သေချာစစ်ဆေးဖို့ လိုပါတယ်။ အထူးသဖြင့် “သင့်ငွေကို ကာကွယ်ဖို့ တခြားအကောင့်ထဲ ပြောင်းထားပါ” ဆိုတဲ့ တောင်းဆိုချက်မျိုးကို မလိုက်နာပါနဲ့။
သံသယဖြစ်လာရင် ဘာလုပ်သင့်သလဲ
လိမ်လည်မှုလို့ သံသယဖြစ်တဲ့အခါ အရေးအကြီးဆုံးက အဆက်အသွယ်ကို ခဏရပ်ပြီး သီးခြားအတည်ပြုဖို့ပါ။ မသိတဲ့လင့်ခ်ကို မနှိပ်ပါနဲ့။ စကားဝှက်နဲ့ အတည်ပြုနံပါတ်တွေ မပေးပါနဲ့။ တဖက်လူ ပေးထားတဲ့ ဖုန်းနံပါတ်ကိုပဲ အားကိုးမနေဘဲ သက်ဆိုင်ရာ ဘဏ်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းရဲ့ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းကနေ ပြန်လည်စစ်ဆေးပါ။
ငွေလွှဲပြီးမှ လိမ်လည်ခံရကြောင်း သိရှိရရင် သက်ဆိုင်ရာဘဏ် သို့မဟုတ် ငွေပေးချေမှုဝန်ဆောင်မှုကို ချက်ချင်းဆက်သွယ်ပြီး ငွေလွှဲမှုကို တားဆီးနိုင်ခြင်း ရှိ၊ မရှိ မေးမြန်းပါ။ စာတိုတွေ၊ ငွေလွှဲမှတ်တမ်းတွေ၊ အကောင့်အချက်အလက်တွေကို သက်သေအဖြစ် သိမ်းဆည်းထားပါ။ ငွေပြန်ရမယ်လို့ အာမမခံနိုင်ပေမဲ့ အချိန်မီအကြောင်းကြားခြင်းက အရေးကြီးပါတယ်။
နောက်ဆုံးအနေနဲ့…
လူလိမ်တွေဟာ လူတယောက်ရဲ့ ပညာအရည်အချင်း၊ အသက်အရွယ်၊ အလုပ်အကိုင်ကို ကြည့်ပြီးမှ လိမ်လည်ကြတာ မဟုတ်ပါဘူး။ ဘယ်သူမဆို စိတ်ပူနေချိန်၊ အကူအညီလိုနေချိန်၊ မျှော်လင့်ချက်ကြီးနေချိန်မှာ မှားယွင်းဆုံးဖြတ်မိနိုင်ပါတယ်။
ဒါကြောင့် လိမ်လည်ခံရသူတွေကို အပြစ်တင်မဲ့အစား သတိပေးကူညီကြဖို့ လိုပါတယ်။
ကျမတို့ မိသားစုထဲက တယောက်ယောက်ကို အွန်လိုင်းငွေလိမ်မှုအကြောင်း သတိပေးနိုင်ခဲ့မယ် ဆိုရင်တောင် အဲဒီအသိပညာလေးဟာ တနေ့မှာ ငွေကြေးဆုံးရှုံးမှုကြီးတခုကို ကာကွယ်ပေးနိုင်ပါတယ်။
ခဏ ရပ်ပါ • စစ်ဆေးပါ စစ်ပါ • တခြားနည်းနဲ့ အတည်ပြုပါ။
အသိပညာရှိခြင်းက ကိုယ့်ကိုယ်ကိုသာမက ကိုယ်ချစ်ရသူတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။
Aurora
ကိုးကားရင်းမြစ်များ
Ref: U.S. Federal Trade Commission (FTC) — How to Avoid a Scam
Ref: U.S. Federal Trade Commission (FTC) — Sure Ways to Spot a Scammer
Ref: Consumer Financial Protection Bureau (CFPB) — What Are Some Classic Warning Signs of Possible Fraud and Scams?
Ref: FBI Internet Crime Complaint Center (IC3) — Developing and Selling Scamming Tools to Harvest Credentials of Brand-Name Consumers











