
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ စစ်တပ်စခန်းကို ဇွန် ၈ ရက်ကစပြီး ၆ ရက်ကြာတိုက်ခိုက်ခဲ့မှုအတွင်း စစ်သား ၃ ယောက် သေဆုံးကာ လက်နက်တွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ဆီကနေ သိရပါတယ်။
ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ရဲ့ ပြန်ကြားရေးတာဝန်ခံက “လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၁ နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂန့်ဂေါမြို့နယ် ရှောက်ပင်ရွာမှာ အထိုင်ချနေတဲ့ စစ်တပ်အထိုင်စခန်းကို အခုလ ၈ ရက်ကနေ ၁၃ ရက်အထိ ၆ ရက်တာ တိုက်ခိုက်ခဲ့ကြတာပါ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေအတွင်း BA100 သေနတ် ၁ လက်၊ MA1 သေနတ် ၃ လက်နဲ့ MA11 သေနတ် ၁ လက်တို့ သိမ်းဆည်းရရှိခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နဂါးညီနောင်) ရဲ့ တာဝန်ခံ ကိုဇော်ကဲ က “၁၃ ရက်နေ့ နေ့လယ်လောက်မှ သူတို့ရဲ့ ဘန်ကာထဲအထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့ပြီးတော့ သေဆုံးနေတဲ့ စစ်သားအလောင်း ၃ လောင်း တွေ့ခဲ့သလို ကျန်တဲ့ စခတွေကတော့ ဒဏ်ရာတွေနဲ့ ထွက်ပြေးသွားကြတယ်။ သိမ်းဆည်းရရှိခဲ့တဲ့ လက်နက်တွေကတော့ စုစုပေါင်း ၅ လက်ပါ” လို့ DVB ကို ပြောပါတယ်။
တော်လှန်ရေးရဲဘော်တွေဟာ အဲဒီတိုက်ခိုက်မှုတွေအတွင်းကနေ ဘေးကင်းစွာနဲ့ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဇွန် ၈ ရက်၊ ညဦးပိုင်းမှာလည်း ဂန့်ဂေါမြို့နယ်၊ အောင်မြင်ကျေးရွာဘုရားကုန်းမှာ အထိုင်ချ တပ်စွဲနေကြတဲ့ စစ်တပ်ကို နာရီဝက်နီးပါးကြာ ဝင်ရောက်တိုက်ခိုက်ခဲ့ကြလို့ စစ်သားတယောက်ကို အရှင်ဖမ်းမိပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ပါတယ်။
စစ်တပ်လက်အောက်ခံ ၈ ယောက်ဟာလည်း ဒဏ်ရာတွေရရှိပြီး ထွက်ပြေးသွားကြတယ်လို့ ဂန့်ဂေါအခြေစိုက်တဲ့တော်လှန်ရေးတပ်ဖွဲ့တခုဆီကနေ သိရပါတယ်။










