ယူကရိန်းက ရုရှားရေနံချက်စက်ရုံတွေနဲ့ လောင်စာဆီသိုလှောင်ရုံတွေကို တိုက်ခိုက်ခဲ့အပြီးမှာ ရုရှားဟာ ပြည်ပကနေ လောင်စာဆီ ပြန်တင်သွင်းနေရပြီလို့ အစိုးရက အတည်ပြုလိုက်ပါတယ်။
ငြိမ်းချမ်းတဲ့ကာလမှာ လောင်စာဆီတင်ပို့တဲ့ နိုင်ငံဖြစ်ပေမဲ့ အခုတော့ ရုရှားနိုင်ငံအနှံ့ လောင်စာဆီ ပြတ်လပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။
အိန္ဒိယက လာတဲ့ ဓာတ်ဆီ တန်ချိန် ၆၈,၀၀၀ တင်လာတဲ့ သင်္ဘောတစီးဟာ ဩဂုတ်လအစောပိုင်းမှာ ရုရှားနိုင်ငံ အာတိတ်ဒေသက ဗီတီနိုဆိပ်ကမ်းကို ရောက်ရှိခဲ့ပါတယ်။
အိန္ဒိယက နောက်ထပ် ဓာတ်ဆီသင်္ဘောနှစ်စီးလည်း ရုရှားဆိပ်ကမ်းတွေကို ရောက်လာဖို့ရှိတယ်လို့ သင်္ဘောပို့ဆောင်ရေးအချက်အလက်တွေမှာ ဖော်ပြပါတယ်။
ရုရှားဟာ ဘီလာရုစ်နဲ့ ကာဇက်စတန်ကနေပါ ရထားနဲ့ ဓာတ်ဆီတင်သွင်းနေပြီး လောင်စာဆီ ပြည်ပတင်ပို့မှုကိုလည်း ပိတ်ထားပါတယ်။
အာရှနိုင်ငံတွေကနေ ဒီဇယ်ဆီပါ တင်သွင်းနေရပြီဖြစ်ပြီး ဒါဟာ ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်နိုင်စွမ်း ထိခိုက်လာတာကို ပြသနေပါတယ်။
မော်စကိုက ဆီဆိုင်တွေမှာပါ ဓာတ်ဆီဝယ်ယူမှုကို ပြန်ကန့်သတ်လာပြီး ရုရှားအစိုးရပိုင် Rosneft က တကြိမ်ကို လီတာ ၃၀ အထိသာ ဝယ်ခွင့်ပြုထားပါတယ်။
ယူကရိန်းရဲ့ ဒရုန်းတိုက်ခိုက်မှုတွေကြောင့် ရုရှားရေနံချက်စက်ရုံတွေ လည်ပတ်မှုထိခိုက်ခဲ့ပြီး မေလကစတင်တဲ့ လောင်စာဆီပြတ်လပ်မှုဟာ ဇူလိုင်လမှာ နိုင်ငံအနှံ့ ပိုမိုပျံ့နှံ့လာခဲ့ပါတယ်။
ရုရှားအစိုးရကတော့ လောင်စာဆီပြတ်လပ်မှုကို ထိန်းချုပ်ဖို့ ပြည်ပတင်ပို့မှု ပိတ်ပင်တာနဲ့ ပြည်ပက ပြန်တင်သွင်းတာတွေ လုပ်ဆောင်နေပါတယ်။
Source: Reuters











