
မြန်မာပြည်တွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုရှိ မြို့နယ် ၄၁ မြို့နယ်မှာ တလ အတွင်း ရေကြီး၊ ရေလျှံမှုတွေကြောင့် ရေးဘေးသင့်ပြည်သူ ၁၃ သိန်းကျော် ရှိနိုင်တယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ပါတယ်။
ဇူလိုင် ၁၁ ရက်ကနေ ဩဂုတ် ၁၁ ရက်အထိ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ မိုးကြီး၊ ရေကြီးမှုတွေကြောင့် မြို့နယ် ၄၁ ခုက ပြည်သူတွေ ရေဘေးဒဏ်သင့်ခဲ့ကြရသလို ဇူလိုင်လ အစောပိုင်းက ကရင်၊ မွန်နဲ့ ဩဂုတ်လ အစောပိုင်းမှာ နေပြည်တော်၊ ရှမ်း၊ ကချင်ဒေသတွေမှာလည်း ရေကြီး၊ ရေလျှံမှုတချို့ ဖြစ်ပွားခဲ့တယ်လို့ အစီရင်ခံစာက ဆိုထားပါတယ်။
အဲဒီရေကြီးမှုတွေကြောင့် ရေဘေးသင့်ပြည်သူ အများဆုံးထိခိုက်ခဲ့တာက ဧရာဝတီတိုင်း ဖြစ်ပြီး ရေဘေးသင့်ပြည်သူ ၅၆၁,၀၀၀ နဲ့ အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်က လူဦးရေ ၂၇၃,၀၀၀ နဲ့ ဒုတိယအများဆုံးဖြစ်ခဲ့ကာ စစ်ကိုင်းတိုင်းမှာ ၂၂၇,၀၀၀၊ မန္တလေးတိုင်းမှာ ၁၈၄,၀၀၀၊ ပဲခူးတိုင်းမှာ ၅၆,၈၀၀ ခန့်ထက်မနည်း ရှိနိုင်တယ်လို့ ISP-Myanmar က ခန့်မှန်းထားပါတယ်။
အခု ရေဘေးသင့်ခဲ့ကြတဲ့ တိုင်းနဲ့ပြည်နယ်တွေဟာ အာရက္ခတပ်တော်နဲ့ တော်လှန်ရေးအင်အားစု တွေ ထိန်းချုပ်ထားတဲ့ဒေသတွေ အများစုဖြစ်ကြတာကြောင့် ကိုယ်ထူကိုယ်ထ ကယ်ဆယ်ကြရတာ များပြီး စစ်အာဏာရှင် ထိန်းချုပ်နယ်မြေတွေမှာလည်း သဘာဝဘေးကယ်ဆယ်ရေး အစီအမံ တွေဟာ ချက်ချင်း တုံ့ပြန်နိုင်စွမ်း အားနည်းသလို နေရာအနှံ့ လွှမ်းခြုံနိုင်စွမ်း မရှိသေးဘူးလို့ ပြောထားပါတယ်။
ဇူလိုင်လအတွင်းက ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုတွေဟာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ရေကြီးမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပေမဲ့ ဧရာဝတီ၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ စစ်အာဏာရှင်တပ်ရဲ့ ပေါ့ဆမှုတွေကြောင့် ဆည်ပေါက်ကျတာ၊ ဆည်ဖောက်ချမှု တွေနဲ့ မြစ်ရေတက်လာမှုတွေကြောင့် ဒေသခံပြည်သူတွေ ရေဘေးသင့်ခဲ့ကြရတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းက ရေကြီး ရေလျှံမှုတွေမှာ အာရက္ခတပ်တော်က အရေးပေါ် ကူညီကယ်ဆယ်ရေးတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့ ကူညီမှုတွေကို ပြုလုပ်ခဲ့တာ တွေ ရှိခဲ့ပါတယ်။
ဒါပေမဲ့ စစ်အာဏာရှင်တပ်နဲ့ တော်လှန်ရေးအင်အားစုတွေ နယ်မြေအသီးသီး ထိန်းချုပ်ထားကြတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ ပဲခူးတိုင်းတွေမှာ စစ်ဆေးရေးဂိတ်တွေ တင်းကျပ်ထားခဲ့ကြတာကြောင့် ကူညီကယ်ဆယ်သူတွေအနေနဲ့ နှောင့်နှေးမှုတွေနဲ့ ရင်ဆိုင်နေကြတယ်လို့ ကူညီသူတွေက ပြောကြ ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ရေကြီးမှုတွေကြောင့် ရေစီးနဲ့အတူ မျောပါသေဆုံးသူလည်း အနည်းဆုံး ၂၃ ယောက်အထိ ရှိလာနေပြီး ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း ရေကြီးမှုတွေမှာလည်း ရေနစ်သေဆုံးသူ အနည်းဆုံး ၁၅ ယောက်ထက်မနည်း ရှိခဲ့ပါတယ်။
လက်ရှိအချိန်အထိလည်း စစ်ကိုင်း၊ မန္တလေး၊ ပဲခူးနဲ့ ရှမ်းပြည်တောင်ပိုင်းမြို့နယ်တွေမှာ ရေကြီးရေလျှံမှုတွေ ဆက်လက်ဖြစ်ပွားနေကြဆဲဖြစ်ပြီး သိန်းနဲ့ချီတဲ့ ပြည်သူတွေ ရေဘေးဒဏ်ကို ရင်ဆိုင်နေကြရဆဲ ဖြစ်ပါတယ်။











