
ထိုင်းနိုင်ငံရောက် မြန်မာတွေ ညဘက် အရက်သောက်၊ ဂစ်တာတီး ဆူညံတာတွေကြောင့် အိမ်နီးနားချင်းတွေနဲ့ ပဋိပက္ခဖြစ်ပြီး သေနတ်နဲ့ ပစ်သတ်ခံရတဲ့အထိဖြစ်နေပြီး ထိုင်းဥပဒေအရ အသံဆူညံတာဟာ ထောင်ဒဏ်၊ ငွေဒဏ်အပြင် တရားမဝင်ပါက ပြည်နှင်ဒဏ်အထိ အရေးယူ ခံရနိုင်လို့ သတိထားကြဖို့လိုတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူတွေက တိုက်တွန်းပါတယ်။
စိတ်ထွက်ပေါက်အဖြစ် ညဘက် ဂစ်တာတီး သီချင်းဆိုတတ်ကြတဲ့ မြန်မာတချို့ရဲ့ အလေ့အထဟာ ထိုင်းအိမ်နီးနားချင်းတွေအတွက်တော့သည်းခံနိုင်စွမ်းမရှိတဲ့ အနှောင့်အယှက်တခု ဖြစ်နေပါတယ်။
ဩဂုတ် ၂ ရက်နေ့ကတင် ပထုန်ဌာနီခရိုင်၊ ခလောင်းလုံမြို့က လူနေရပ်ကွက်တခုမှာ မြန်မာ အလုပ်သမားတွေ ၇ ယောက်လောက် ဝိုင်းဖွဲ့ပြီး အရက်သောက် ဂီတာတီး သီချင်းဆိုနေတုန်း ထိုင်း တယောက်က ဝင်လာပြီး အသံဆူညံတယ်လို့ ပြောကာ သေနတ်နဲ့ ပစ်သွားလို့ မြန်မာ အလုပ်သမား ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။
အလားတူ ဖြစ်စဉ်တွေဟာ ဘန်ကောက်၊ မဲဆောက်နဲ့ မြန်မာအများစုရှိတဲ့ ထိုင်းနိုင်ငံအနှံ့က လူနေရပ်ကွက်တွေ အလုပ်တန်းလျားတွေမှာ မကြာခဏကြုံနေရတဲ့ ပြဿနာတွေဖြစ်လာနေပြီး တချို့ဖြစ်ရပ်တွေမှာ အသက်သေဆုံးတဲ့အထိ ကြုံတွေ့လာရတာပါ။
ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ထိုင်းမှာ ၁၀ နှစ်ကျော်နေနေသူတယောက်က အာဏာသိမ်းပြီး နောက်ပိုင်း ရောက်လာတဲ့မြန်မာတွေဟာ ထိုင်းတွေနဲ့ နေသားကျဖို့ မကြိုးစားတဲ့အပြင် လူနေရပ် ကွက်တွေထဲက ရိုးရာဓလေ့တွေကိုလည်း နားလည်ဖို့ မကြိုးစားဖူးလို့ဆိုပါတယ်။
အခုလို ယှဥ်တွဲနေထိုင်တဲ့အခါ ပြဿနာသေးသေးလေးတွေကနေ လူသေဆုံးတဲ့အထိ ဖြစ်လာရတာ လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
ထိုင်းမှာအခြေချနေထိုင်သူတယောက်က “ထိုင်းတွေက ကိုယ့်အိမ်မှာကိုယ် အနားယူတာကို Privacy အလွန်တန်ဖိုးထားတယ်။ ညဘက် အသံဆူရင် စကားလာမပြောဘဲ ရဲချက်ချင်းတိုင်တာ။ အခုနောက်ပိုင်းရောက်လာတဲ့ မြန်မာတွေကျတော့ အသံဆူညံတာပေါ့။ တက္ကစီပေါ်မှာလည်း မြန်မာအသံတွေ အကျယ်ကြီး၊ ဘယ်သွားသွား မြန်မာအသံတွေက အကျယ်ကြီး၊ အဓိက ထိုင်းတွေကအဲ့ဒါမကြိုက်တာ ထိုင်းတွေလည်း အပျော်အပါးမက်ပါတယ်။ ဒါပေမဲ့ သူ့စည်းနဲ့သူပေါ့ ကျနော်တို့ရပ်ကွက်ဆို ည ၈ နာရီဆိုတာနဲ့ တိတ်ဆိတ်နေတာ၊ အဲ့ကြားထဲက ဂစ်တာအသံကြားရလို့ နားထောင်လိုက်ရင် မြန်မာအသံတွေ နာရီကြည့်လိုက်ရင် ည ၁၀ နာရီကျော်နေပြီ အဲ့မှာ ပြဿနာက စတာပဲ”လို့ ပြောပါတယ်။
ထိုင်းပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၀ (Criminal Code Section 370) အရ အကြောင်းမဲ့ ဆူညံသံလုပ်ပြီး အများပြည်သူကို စိတ်ငြိုငြင်စရာဖြစ်စေရင် ဒဏ်ငွေ ဘတ် ၁,၀၀၀ ချမှတ်နိုင်ပြီး ပြည်သူ့ကျန်းမာရေးဥပဒေအရ အိမ်နီးနားချင်းကို အသံဆူညံမှုနဲ့ အနှောင့်အယှက်ပေးရင် ထောင်ဒဏ် ၁ လ ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၂,၅၀၀ နဲ့ ပြစ်ဒဏ်နှစ်ရပ်စလုံး ကျခံရနိုင်ပါတယ်။
ရဲစခန်းကို အတိုင်ခံရင်တော့ တန်းလျားအိမ်ရှင်က အလုပ်သမားတွေကို အိမ်ပေါ်ကနေ နှင်ထုတ် ပိုင်ခွင့် ရှိသလို အထောက်အထားမဲ့သူတွေပါနေရင် ဖမ်းဆီးအရေးယူခံရနိုင်ပြီး နယ်နှင်ဒဏ် ပေးနိုင်တဲ့အထိ ထိုင်းဥပဒေမှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံရဲ့ စည်ပင်သာယာရေး အက်ဥပဒေ (Municipal Act) အရ မွေးနေ့ပွဲ၊ အလှူမင်္ဂလာ ဒါမှမဟုတ် ပွဲလမ်းသဘင်တွေမှာ အသံချဲ့စက်တွေကို လိုအပ်ချက်အရ အသုံးပြုမယ်ဆိုရင်တောင် ရပ်ရွာလူကြီးကနေတဆင့် သက်ဆိုင်ရာမြို့နယ်စည်ပင်ရုံးကို အသုံးပြုမဲ့ ပစ္စည်းအရေအတွက်၊ အချိန်ကာလနဲ့ နေရာတွေကို ကြိုတင်အကြောင်းကြား ရပါတယ်။
အဲ့လို ကြိုတင်အကြောင်းမကြားပဲ အသံဆူညံပါက ဒဏ်ငွေ ဘတ် ၁၀,၀၀၀ အထိ ချမှတ်ခံရနိုင်ပြီး ငွေမပေးနိုင်ပါက ထောင်ဒဏ် တရက်ကို ဘတ် ၅၀၀ နှုန်းနဲ့ ပြောင်းလဲကျခံရမှာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA)ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ထိုင်းရောက် မြန်မာတွေအနေနဲ့ ဒေသဆိုင်ရာ စည်းမျဉ်းတွေနဲ့ လူမှုရေးဓလေ့တွေကို သတိပြု လိုက်နာကြဖို့ တိုက်တွန်းထားပါတယ်။
“အထူးသဖြင့် မြန်မာလုပ်သားအလွန်များပြားတဲ့ ချောင်ဘူရီခရိုင်တို့လို၊ အယုဒ္ဓယတို့လို၊ မဲဆောက်တို့လို၊ မဟာချိုင်တို့လို၊ စမွတ်ပရာကန်တို့လို၊ ရယောင်းတို့လို၊ ချင်းမိုင်တို့လို၊ ချင်းရိုင်တို့လို ထိုင်းမှာ မြန်မာအများဆုံးနေတဲ့ ခရိုင် ၃၀ လောက် ရှိပါတယ်။ အဲဒီတွေမှာ ထိုင်းလူမျိုးတွေရဲ့ သဘောသဘာဝနဲ့ ယဉ်ကျေးမှု ဓလေ့ရွာဓလေ့ စည်းကမ်းတွေကို တိတိကျကျ လေးစားလိုက်နာပြီးတော့ ကိုယ်က ဆူညံမိလို့ လာရောက်ပြောဆိုရင်လည်း ချက်ချင်း ရပ်ပေး လိုက်ပါ။ အဲလို မရပ်ဘူးဆိုရင်တော့ ခြိမ်းခြောက်ပြီး ပစ်ခတ်တာဖြစ်စေ၊ တည့်တည့်ပစ်တာဖြစ်စေ အဲလို မလိုလားအပ်သော နောက်ဆက်တွဲ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်နေဦးမှာပဲ ဆိုတာကိုတော့ စိတ်မကောင်းစွာ သတိပေးချင်ပါတယ်။”
ဒါကြောင့် ည ၉ နာရီကျော်ပါက အသံကျယ်ကျယ်ပြောတာတွေ သီချင်းဆို ဂစ်တာတီးတာတွေကို ရှောင်ကြဉ်ပြီး ဘေးလူကို မထိခိုက်စေမဲ့ လူမှုစည်းကမ်းတွေကို ရွှေ့ပြောင်းအလုပ်သမားအချင်းချင်း သတိပေးဆင်ခြင်ကြဖို့ လိုအပ်နေပါတယ်။
မောရစ်










