
ဘီလ်တဲအဖွဲ့ အစောပိုင်းကာလတွေမှာ ဂစ်တာသမား ဂျော်ဂျီဟာရီဆန် တီးခတ်ခဲ့တဲ့ လျှပ်စစ်ဂစ်တာကို နိုဝင်ဘာလကုန်ပိုင်းမှာ လေလံတင်မှာဖြစ်ပြီး ဒေါ်လာ ၈၀၀၀၀၀ ကျော်ရမယ်လို့ ခန့်မှန်းထားပါတယ်။
လီဗာပူးမြို့မှာ ဘီလ်တဲအဖွဲ့ စတင်မွေးဖွားတဲ့အချိန်က ဟာရီဆန်ကိုယ်တိုင် ၁၉၆၀ ပြည့်နှစ် အစောပိုင်းမှာ တီးခတ်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီအချိန်က ကာဗရန်ကလပ်နဲ့ ဂျာမနီတိုးခရီးစဉ်နဲ့ ပိုလီဒေါမှာ ပထမဆုံး အသံသွင်းခဲ့ချိန် တီးခတ်ခဲ့တဲ့ ဂစ်တာဖြစ်ပါတယ်။
လေလံစီစဉ်သူတွေဟာ ဘီတဲလ်အဖွဲ့ရဲ့ အဓိက ဂစ်တာ တလက်ဖြစ်တဲ့ ဒီဂစ်တာကို ဒေါ်လာ ၆၀၀၀၀၀ ကနေ ၈၀၀၀၀၀ ကြားရရှိမယ်လို့ ခန့်မှန်းထားပါတယ်။
ဟာရီဆန်ကိုယ်တိုင်က ဒီဂစ်တာဟာ အဲ့ဒီအချိန်က ခေတ်မှီတဲ့ ဂစ်တာတစ်လက်ဖြစ်ပြီး တီးခတ်ရတာ ခက်တဲ့အကြောင်း ပြောဆိုခဲ့ဖူးသလို ကောင်းမွန်တဲ့ သံစဉ်တွေလည်း ဖန်တီးနိုင်တယ်လို့ ဂျာနယ်လစ်တွေကို ပြောပါတယ်။
၁၉၆၄ ခုနှစ်မှာ ဟာရီဆန်ဟာ သူ့ရဲ့ ဂစ်တာကို ပြိုင်ပွဲမှာ ဆုချီးမြှင့်ဖို့ ရော့ခ်မဂ္ဂဇင်းတစောင်ကို လှူဒါန်းခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ အဲ့ဒီအချိန်က ပြိုင်ပွဲမှာ အနိုင်ရသူက ရော့ခ်အင်ရိုးသမိုင်းမှာ ထင်ရှားတဲ့ ဒီဂစ်တာကို ပိုင်ဆိုင်ဖို့ထက် ဆုကြေးငွေကိုပဲ လက်ခံခဲ့တာကြောင့် ဒီဂစ်တာဟာ အဲ့ဒီအချိန်ကတည်းက ပိုင်ရှင်မဲ့ဖြစ်ခဲ့ပါတယ်။
ဒီဂစ်တာကို ဥရောပမှာရှိတဲ့ ပြတိုက်တွေမှာ လှည်လည်ပြသမှုမပြုလုပ်မီ လီဗာပူးမှာရှိတဲ့ ဘီတဲလ်ပြတိုက်မှာ ပြသထားပါတယ်။
ဟာရီဆန်တီးခတ်ခဲ့တဲ့ ဂစ်တာကို နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ အမေရိကန်နိုင်ငံမှာ လေလံပွဲပြုလုပ်မှာဖြစ်ပါတယ်။
Source : Reuters
Photo : Reuters










