
အမေရိကန် ရော့ခ်တီးဝိုင်း ဗန်ဟယ်လင် လိဒ်ဂစ်တာသမား အက်ဒီဗန်ဟယ်လင်ရဲ့ ဂစ်တာကို ဒေါ်လာ ၂ သန်းကနေ ၃ သန်းကြား လေလံတင်မှာ ဖြစ်ပါတယ်။
အနီရောင်နဲ့ အဖြူရောင် အစင်းကြောင်းတွေပါတဲ့ လျှပ်စစ်ဂစ်တာဟာ ၁၉၈၂ ခုနှစ်ထုတ် ခရာမာဂစ်တာ အမျိုးအစား ဖြစ်ပါတယ်။ အက်ဒီဟာ ဒီဂစ်တာကို ၁၉၈၂-၉၃ ခုနှစ် ဂီတဖျော်ဖြေပွဲတွေမှာ တီးခတ်ခဲ့ပါတယ်။
အက်ဒီဗန်ဟယ်လင်ဟာ အစ်ကိုဖြစ်သူ အဲလက်ဗန်ဟယ်လင်နဲ့အတူ ၁၉၇၂ ခုနှစ်က ဗန်ဟယ်လင်တီးဝိုင်းကို စတင်ထူထောင်ခဲ့ပြီး ဂစ်တာ၊ ပီယာနိုတို့ တီးခတ်ခဲ့သလို တီးဝိုင်းရဲ့ မူလသီချင်းရေးသားသူလည်း ဖြစ်ပါတယ်။ အက်ဒီဟာ ၂၀၂၀ ခုနှစ် အသက် ၆၅ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။
အက်ဒီဟာ မကွယ်လွန်မီ ၂၀၁၇ ခုနှစ်က သူစုဆောင်းထားတဲ့ ဂစ်တာ ၇၅ လက်ကို ချို့တဲ့,တဲ့ ကျောင်းတွေကို လှူဒါန်းတဲ့ NGO အဖွဲ့တခုကို လှူဒါန်းခဲ့ပါတယ်။
Sotheby ရဲ့ တာဝန်ရှိသူတယောက်က “အက်ဒီဗန်ဟယ်လင်ရဲ့ ဂစ်တာက မယုံနိုင်လောက်အောင် ရှားပါးတဲ့ဂစ်တာပါ။ ဒီဂစ်တာကို ဒေါ်လာ ၂ သန်းကနေ ၃ သန်းကြား ရောင်းချသွားဖြစ်ပြီး ဒေါ်လာ ၂ သန်းနဲ့ လေလံဈေး သတ်မှတ်ထားပါတယ်” လို့ ပြောပါတယ်။
အက်ဒီဟာ ဒီဂစ်တာကို သူငယ်ချင်းဖြစ်တဲ့ ရက်ဒီလီရန်ကို ပေးခဲ့တာဖြစ်ပြီး နောက်ပိုင်း အမေရိကန် ဟဲဗီးမက်တယ်ဘန်ဖြစ်တဲ့ Motley Crue ကို ပူးတွဲတည်ထောင်သူ လိဒ်ဂစ်တာသမား မစ်မားဆီကို ရောက်ရှိလာတာပါ။
ဒီဂစ်တာဟာ ဗန်ဟယ်လင်ရဲ့ ၁၉၇၅ ခုနှစ်က ဖရန့်ကင်စတိုင်း ဂစ်တာပုံစံမျိုး ဖန်တီးထားတာ ဖြစ်ပါတယ်။
လေလံပွဲမှာ အင်္ဂလန်ရော့ခ်ဘန် လက်ဇက်ပလင်အဖွဲ့ ဂျင်မီပေ့ရဲ့ ဂစ်တာနဲ့ အဲရစ်ကလပ်တန်ရဲ့ ဂစ်တာလည်း ပါဝင်ကာ အမေရိကန်အဆိုတော် စလိုင်းစတုန်းရဲ့ အာကာသဖက်ရှင်အင်္ကျီလည်း ပါဝင်ပါတယ်။
Sotheby ဟာ ဂီတ၊ ရုပ်ရှင်နဲ့ တီဗွီအစီအစဉ်တွေမှာ နာမည်ကျော်တဲ့သူတွေရဲ့ အသုံးအဆောင် ပစ္စည်းတွေကို လေလံတင်ဖို့ ပစ်မှတ်ထားနေပြီး Rock နဲ့ Pop ရောင်းချမှုကို အောက်တိုဘာ ၁ ရက်ကနေ ၂၄ ရက်အတွင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
Source: Reuters










