
ထိုင်းနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် အယုဒ္ဓယမှာ “စည်းစိမ်ဥစ္စာလာဘ်လာဘကို ခေါ်ယူဖို့ ဗုံတီးခြင်း” ဓလေ့ အစဉ်အလာအတွက် ပေါကေငွန်လန်ပန်းခြံမှာ ယုံကြည်သက်ဝင်သူထိုင်းလူမျိုး အများအပြား ဟာ သူတို့ရဲ့ မျက်နှာတွေကို တောက်ပြောင်တဲ့ ရွှေဆိုင်းတွေ ကပ်နေကြတာ မြင်တွေ့ရပါတယ်။
သူတို့ရှေ့မှာ ထိုင်းနိုင်ငံတဝန်း ရှေးခေတ်ပညာရှိနဲ့ ကံကြမ္မာကို ရှာဖွေနေသူတွေကို ကာကွယ် စောင့်ရှောက်သူအဖြစ် လေးစားခံရတဲ့ ရသေ့ပညာရှိ ပေါကေရဲ့ ရုပ်တုတခု ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ စီးပွားရေး တိုးတက်မှုနှေးကွေးတာ၊ ကုန်ကျစရိတ်တွေ မြင့်တက်လာတာနဲ့ စားသုံးသူ သုံးစွဲမှု ကျဆင်းတာတို့ကြောင့် ရုန်းကန်နေရချိန်မှာ အသက် ၃၅ နှစ်အရွယ် ရိုးရာဓလေ့ဆရာ ထုံအက် ဘန်တူရာ ရတ်ချာစီက လုပ်ပေးတဲ့ မျက်နှာ ရွှေဆိုင်းကပ်တဲ့ ရိုးရာဓလေ့က မကြာသေးမီ လတွေအတွင်း လူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
ပန်းခြံဆီ ရောက်လာသူ အများအပြားအတွက် ရွှေဆိုင်းကပ်တာဟာ အလှဆင်ဖို့ထက် ပိုပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ် စွမ်းအားပေးစွမ်းတဲ့ သင်္ကေတလုပ်ရပ်တခုလို့ သူတို့က ယုံကြည် နေကြ ပါတယ်။
“မျက်နှာပေါ်မှာ ရွှေဆိုင်းကပ်တာက ကိုယ့်ရဲ့အတွင်းစိတ် စွမ်းအားကို မြှင့်တင်ပေးသလိုပါပဲ” လို့ ထုံအက်က ရှင်းပြပြီး ကိုးကွယ်သူတွေကို ဆွဲဆောင်မှုနဲ့ ကျက်သရေတမျိုး ပေးစွမ်းတဲ့ ယုံကြည်မှုရဲ့ ဖော်ပြချက်တခုအဖြစ် ရှင်းပြပါတယ်။
ဒီထုံးတမ်းစဉ်လာဟာ ကုန်သည်တွေနဲ့ အသေးစားစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ အထူး ရေပန်း စားပြီး သူတို့ရဲ့ စိတ်ဓာတ်ကိုသာမက ကံကြမ္မာကိုပါ မြှင့်တင်ပေးတယ်လို့ ယုံကြည် နေကြပါတယ်။
လာရောက်လည်ပတ်သူတွေ တိုးလာတာဟာ နိုင်ငံတဝန်းမှာ ခံစားရတဲ့ စီးပွားရေးဆိုင်ရာ စိုးရိမ် ပူပန်မှုတွေကို ထင်ဟပ်စေတယ်လို့ ထုံအက်က ပြောပါတယ်။
ကုန်သွယ်မှု နှေးကွေးပြီး ဖောက်သည်တွေ ပျောက်ကွယ်သွားတဲ့အခါ လူအများစုက စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပုံစံတခုအနေနဲ့ မသေချာမရေရာတဲ့ အချိန်တွေမှာ ဝိညာဉ်ရေးရာ ယုံကြည်မှုတခုအဖြစ် ဒီလိုထုံးတမ်းစဉ်လာတွေကို အားကိုးလာကြတယ်လို့ ပြောပါတယ်။
Source: Reuters











